တိုက်ကြီးခရိုင် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲကျင်းပ

တိုက်ကြီး မတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်ကင်းထောက်လူငယ်သင်တန်းကို အခြေခံပညာ အထက်တန်းကျောင်း (မြို့မ) ပညာရတနာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်အလံအား အခမ်းအနားသို့ တက်ရောက်လာကြသူများက အလေးပြုပြီး ကင်းထောက်လူငယ်မောင်မယ်များက ကင်းထောက်လူငယ်အစဥ်အသင့် သီချင်းဖြင့် ဂုဏ်ပြုသီဆိုသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကင်းထောက်သမိုင်းကြောင်း ဗီဒီယိုမှတ်တမ်းအား ပြသသည်။ ထို့နောက် ခရိုင်လူငယ်ရေးရာကော်မတီ ဒုဥက္ကဋ္ဌ ဦးစိုးဝင်းမောင်က သင်တန်းနှင့် ပတ်သက်သည့် သင်ထောက်ကူပစ္စည်းများနှင့် အလှူငွေများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးဝင်း ထံပေးအပ်သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်စန္ဒာဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ကင်းထောက်လူငယ် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။ သင်တန်းကို မတ်လ ၂၅ ရက်မှ ၂၉ ရက်အထိ ကင်းထောက်သင်တန်းနည်းပြများက ကင်းထောက်လူငယ် သင်တန်းသား သင်တန်းသူ (၄၀) ဦးအား အားစာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)