မောက်မယ် နိုဝင်ဘာ ၅
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးပစ္စည်းများ ပေးအပ်ခြင်းကို နမ့်ယွန်းခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်စိုးက ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်ပြီး နယ်မြေခံတပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးအောင်သက်မင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်နိုင်တို့မှလုံခြုံရေးကိစ္စများ ရှင်းလင်းဆွေးနွေးကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြမြသန်းက မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးပစ္စည်းနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ဇော်ဦးက ရောဂါကာကွယ်ရေး ကျန်းမာရေးပစ္စည်းများ ရရှိသည့် စာရင်းအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မဲရုံတစ်ရုံချင်းအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးပစ္စည်းများကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)