ရန်ကုန် နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ နှိုးဆော်ခြင်းကို ယမန်နေ့ ည(၇)နာရီအချိန်က နှိုးဆော်ခဲ့သည်။
နှိုးဆော်ရာတွင် အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုး ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမရှိစေရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ပြည်သူများ မဖြစ်မနေပြင်ပသို့ သွားလာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ပြီးမှ သွားလာရန်၊ လက်ကို ဆက်ပြာဖြင့် စနစ်တကျ ဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ မိမိနေရပ်သို့ ပြန်လာသည့် ပြည်သူများ ဝင်ရောက်လာမှုရှိလျှင် သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ အသိပေးအကြောင်းကြားရန်၊ တစ်ဦး နှင့်တစ်ဦး ၆ ပေကွာနေကြရန် စသည်တို့ကို လှည့်လည်နှိုးဆော်ခဲ့ကြသည်။
အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မြို့နယ်အတွင်းရှိ ရပ်ကွက်များ သို့ တစ်ရက်ခြားစီ ည(၇)နာရီအချိန်မှ ည(၁၁)နာရီအချိန် လှည့်လည်နှိုးဆော်ပေး လျက်ရှိပြီး အင်းစိန် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)