ကျောက်တလုံးကြီး နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများက ယနေ့နံနက် ၈ နာရီ ခန့်က ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးသို့ ကြိုတင် ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကြိုတင်ဆန္ဒမဲပေးရာတွင် အသက် ၆၀ နှစ် အထက် မဲဆန္ဒရှင်များ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံ၌ တာဝန်ထမ်းဆောင်မည့် နိုင်ငံဝန်ထမ်းများနှင့် မိမိအမည်စာရင်းပါသည့် နယ်မြေမှ ကျော်လွန်၍ ခရီးထွက်ခွာမည့် နိုင်ငံဝန်ထမ်းများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွင်ကြိုတင်ဆန္ဒမဲပေးလျက်ရှိပြီး မသန်မစွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသူများ ကြိုတင်မဲပေးနိုင်ရေးအတွက် အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့၌ အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် မြို့ပေါ်(၆)ရပ်ကွက်တွင် မဲရုံ(၆)ရုံနှင့် ကျေးရွာအုပ်စု(၇)အုပ်စုတွင် မဲရုံ(၃၃)ရုံထားရှိမည်ဖြစ်ပြီး မဲပေးနိုင်သည့်မဲဆန္ဒရှင် စုစုပေါင်း (၄၅၁၄၄)ဦးရှိရာ ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများသည် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၇ ရက်နေ့ အထိ နေ့စဉ်နံနက် ၈နာရီ မှ ညနေ ၄ နာရီ အတွင်း ကြိုတင်မဲဆန္ဒပေးနိုင်ကြောင်း သိရသည်။
မြဝင်း (ပြန်/ဆက်)