တန့်ယန်းမြို့တွင် တပေါင်းလပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဆင်များရှင်ဆုတောင်းပြည့်စေတီတော်၌ ကျင်းပ

တန့်ယန်း မတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့တွင် တပေါင်းလပြည့်နေ့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်များရှင်ဆုတောင်းပြည်စေတီတော်၏ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို ယမန်နေ့မွန်းလွဲ ၁ နာရီက (၃၅) ကြိမ်မြောက်အဖြစ် ဆင်များရှင်စေတီတော်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ တပေါင်းလပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးသို့ မြို့ပေါ်ရှိ စာသင်တိုက်ကြီးများနှင့် ကျောင်းတိုက်အသီးသီးမှ ဆရာတော်ကြီးများ၊ သံဃာတော်အရှင်သူမြတ်များ၊ ရှင်သာမဏေများ၊ သီလရှင် ဆရာကြီး ဆရာလေးများကြွရောက်၍ အလှူခံတော်မူကြရာ နယ်မြေခံတပ်နယ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်နိုင်ဦးနှင့် အရာရှိများ၊ မိသားစုများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်တို့မှဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းကြည်နှင့် အဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူအပေါင်းက ဆွမ်းဆန်တော်နှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)