နမ့်စန်တွင် မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းနှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဆောင်ရွက်

နမ့်စန်(တ) မတ် ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ဘာသာရပ်စွမ်းရည်မြှင့် ဆရာ/ဆရာများ၏ ဘာသာရပ်အလိုက် သင်ကြားသင်ယူမှု အရည်အသွေးများကို မြှင့်တင်ပေးရန် ရည်ရွယ်၍ မြို့နယ်အဆင့် အခြေခံပညာ အလယ်တန်းနှင့် မူလတန်းအဆင့် သင်ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နမ့်စန်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) သရဖီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လက်ထောက်မြို့နယ်ပညာရေးမှူး ဦးအောင်ကိုမြတ်က ဘာသာရပ်ဆွေးနွေးပွဲသင်တန်း ပို့ချမည့် အစီအစဉ်များနှင့် သင်တန်းစည်းကမ်းများကို  ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသင်တန်းကို နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၂၉)ကျောင်းမှ အလယ်တန်းနှင့်မူလတန်းပြ ဆရာ/ဆရာမများ စုစုပေါင်း(၅၀၉)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြ(၃၃)ဦးက မတ်လ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)