အမ်း မတ် ၂၅
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမ်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာပေမြတ်နိုးသူလူငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ကျောင်း၊ရပ်ကွက်/ကျေးရွာတို့၌ အခါအခွင့်သင့်၍ ပြောဆိုခွင့်ကြုံလာပါက ပြောတတ်ဆိုတတ်စေရန် ယခုလိုစာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ကျင်းပပေးခြင်းဖြစ်ကြောင်း စာပေဆိုင်ရာအသိပညာပေးဟောပြောပွဲတွင် စာဖတ်သောလူငယ်များ၏အားသာချက်၊ အတွေးအခေါ်ရင့်ကျက်မှု၊ ဖြန့်ကျက်ပြီးတွေးတောနိုင်မှု၊ ဝေဖန်ပိုင်းခြားနိုင်မှု၊ အသိပညာဗဟုသုတများရရှိမှု၊ အသက်ငယ်ပေမဲ့ပိုမိုရင့်ကျင့်လာမှု၊ အမှားအမှန်ကိုခွဲခြားလာတတ်မှုများနှင့် လူတစ်ယောက်၏တန်ဖိုးအကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ရာ စာပေမြတ်နိုးသူလူငယ်များမှ မောင်စောနေမာန်၊ မမိုးနှင်းဖြူ၊ မစန္ဒာဦး၊ မအေးအေးနွယ်နှင့် မစန္ဒာအေးတို့က သိရှိလိုသည်များ မေးမြန်းခဲ့ရာ မြို့နယ်ဦးစီးအရာရှိ ဦးစန်းဝင်းက ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နံရံကပ်စာစောင်ပြပွဲအား ဆက်လက်ကျင်းပခဲ့ရာ ဦးစီးအရာရှိ ဦးစန်းဝင်းက လူငယ်များအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ၊ လူကုန်ကူးခြင်းဖြစ်လာနိုင်သည့် လူသစ်စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ လက်ခံထားခြင်း အသိပညာပေးအကြောင်းအရာများ၊ လူကုန်ကူးမှုသားကောင်ဖြစ်လာနိုင်ပုံ၊ အမျိုးသမီးများကို ပြည်တန်ဆာအဖြစ်လုပ်ကိုင်ရန် ရောင်းစားခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခြင်းများ၊ လူကုန်ကူးခြင်းသည် ဥပဒေကိုဆန့်ကျင်ပြီး မှားသည့်လုပ်ရပ်တစ်ခုဖြစ်ပါကြောင်း၊ လူကုန်ကူးသူများ၏ လူစုဆောင်းသည့် နည်းလမ်းများ၊ လူကုန်ကူးမခံရရေး အသိပညာပေးအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ရာ စာပေချစ်မြတ်နိုးသူလူငယ်များက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပါ အကြောင်းအရာများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)