လားရှိုးမြို့၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေရတနာလမ်းသစ်ဖွင့်လှစ်

လားရှိုး မတ် ၂၅

လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၃- ၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း ဖြည့်စွက်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် အမှတ်(၁၁)ရပ်ကွက် ရွှေရတနာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်  ၉ နာရီအချိန်က အဆိုပါလမ်းတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်က ရွှေရတနာလမ်းဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး လမ်းဖြစ်မြောက်ရေးကော်မတီကိုယ်စား အမှတ်(၁၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(လားရှိုး) ဌာနခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးနေလင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းတစ်လျှောက် လှည့်လှည်ကြည့်ရှုခဲ့ကြသည်။

လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း AC လမ်းပေါင်း (၂)လမ်း၊ အရှည်(၃.၅၆၁)ဖာလုံ၊ ကုန်ကျငွေ(၂၀၄၆.၂)သိန်း၊ ကတ္တရာလမ်းပေါင်း(၃၈)လမ်း၊ အရှည်(၅)မိုင် (၃.၈၇၁)ဖာလုံ၊ ကုန်ကျငွေ(၁၁၆၅၆.၃၇)သိန်း၊ ကွန်ကရစ်လမ်း(၁)လမ်း၊ အရှည်(၀.၄၅၅)ဖာလုံ၊ ကုန်ကျငွေ(၁၈၀)သိန်း၊ တံတားပေါင်း(၈)စင်း၊ ကုန်ကျငွေ(၁၀၇၂)သိန်း၊ ရေပေးရေးလုပ်ငန်း(၆)ခု၊ ကုန်ကျငွေ (၃၁၁)သိန်း၊ အခြားလုပ်ငန်းပေါင်း (၂၉)ခု၊ ကုန်ကျငွေ (၃၂၈၉.၂၈)သိန်း၊ စုစုပေါင်းလုပ်ငန်း (၈၄)ခု ၊ ကုန်ကျငွေ (၁၈၅၅၄.၈၅)သိန်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)