မိုးနဲမြို့နယ်၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပ

မိုးနဲ မတ် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ပညာရေးဌာန၏ ကြီးကြပ်မှုဖြင့် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဆရာ/မများ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေက ဆရာ/ဆရာမများအား ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့် ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ ရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ဝင်းထွန်းက ဆွေးနွေးပွဲနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်သွားရမည့် စည်းကမ်းသတ်မှတ်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်မြို့ရှိ အခြေခံပညာကျောင်းများမှ ဆရာ/မ စုစုပေါင်း ၂၅၀ ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို မတ်လ ၃၀ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ