မိုင်းယောင်းမြို့နယ် ဝေဖကျေးရွာ၌ ပြည်သူ့စစ်မှုဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေး

မိုင်းယောင်း မတ် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့က ဟွေဖအုပ်စု၊ ဟွေဖကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန် ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင် စသည့် ပြည်သူ့စစ်မှုဥပဒေအကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြီး ဟွေဖကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဟွေဖကျေးရွာရှိ ရွာဦးစေတီတော်အား သွားရောက်ဖူးမြော်ပြီး ဟွေဖကျေးရွာအုပ်စုအတွင်း မီးခိုးမြူငွေ့ကင်းစင်မှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းနှင့် သောက်သုံးရေလုံလောက်စွာရရှိရေး၊ လမ်း၊ တံတားစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)