လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားကျင်းပ

လှိုင်သာယာ မတ် ၂၅

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်က ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားကို ယမာန်နေ့နေ့လယ် ၁ နာရီက သီရိမင်္ဂလာကံလှပရိယတ္တိစာသင်တိုက် မြတ်ကံလှသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားကို ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် မြို့နယ်စီမံအုပ်ရေးဥက္ကဋ္ဌ ဦးစိုးဝင်းနိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးကျော်သူဝင်အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး မင်္ဂလာစည်တော်အဖွဲ့မှ စည်တော်တီးကာထူးမခြားနားသီချင်းဖြင့် ပူဇော်ကြသည်။

ထို့နောက် မြို့နယ်ဩဝါဒါစရိယ၊ ပဒံပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇောတိက မဟာထေရ်မြတ်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာသဒ္ဓမ္မဇောတိဓဇ ဘွဲ့တံဆိပ်တော်ရ ပဒံပရိယတ္တိစာသင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ‌ဇောတိက မဟာထေရ်မြတ်က သမ္မောဒနီယဩဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူသည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ် သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား မြို့နယ်စီမံအုပ်ချုပ်‌ရေးဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင်များက ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မြို့နယ်ဩဝါဒါစရိယ၊ ဝိဇာတဗိမာန်စာသင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကုဏ္ဍလ မဟာထေရ်မြတ်ထံမှ ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိတု’’ သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် မင်္ဂလာစည်တော်အဖွဲ့မှ အောင်စေသံတီးခတ်ပြီး အခမ်းအနားကို ရုပ်သိမ်းကြသည်။

အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော်ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားတွင် မဟာဂန္ထဝါစကပဏ္ဍိတတစ်ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇတစ်ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ (၃) ပါးတို့ကို ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြင့်ဇော် (ပြန်/ဆက်)