မက်မန်းမြို့ မင်းရန်အောင်စေတီတော်မြတ်ကြီး၏ (၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနီယပွဲတော်တွင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

မက်မန်း မတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၏ ကျက်သရေဆောင် မင်းရန်အောင်စေတီတော်မြတ်ကြီး၏ (၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင်  အသံမစဲမဟာပဋ္ဌာန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်(၈:၃၀)နာရီအချိန်က စေတီတော်ကြီး၏ အာရုံခံဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မက်မန်းမြို့ ပညာဒီပကျောင်းတိုက်မှ ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသီရိ အမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့ထံမှ ဧည့်ပရိတ်သတ်များက ကိုးပါးသီလချီမြှင့်ပေးတော်မူခြင်း၊ သံဃာတော်အရှင်သူမြတ်တို့မှ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးထွန်းလင်းအောင်တို့က မဟာပဋ္ဌာန်းကျမ်းမြတ်ကြီးအား ဆက်ကပ်လှူဒါန်းခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များရွတ်ဖတ်ပူဇော်ခြင်းခဲ့ကြပြီး နံနက်(၉)နာရီအချိန်တွင် သံဃာတော်အရှင်သူမြတ်တို့မှ မဟာပဋ္ဌန်း ပစ္စယုဒ္ဒေသနှင့် မဟာပဌာန်းနိဒ္ဒေသအား စတင်ရွတ်ဖတ်ပူဇော်ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နေပြည်သူများ၊ ဝတ်ရွတ်အသင်းအဖွဲ့များ တက်ရောက်ပူဇော်ခဲ့ကြပြီး အသံမစဲမဟာပဋ္ဌာန်းပွဲအား မတ်လ(၂၅)ရက်နေ့မှ (၂၆)ရက်နေ့အထိ ရွတ်ဖတ်ပူဇော်သွား မည်ဖြစ်ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)