တွံ​တေးမြို့နယ်၌ ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

တွံတေး မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က (၁) တွံတေးယုဇနခန်းမ၌ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ကင်းထောက်လူငယ်များမှ ပြည်သူ့အတွက်အဆင်သင့် တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ခရိုင်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်မှ အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်တွေရဲ့ သဘာဝမှာ သက်ရွယ်တူအပေါင်းအသင်းတွေကို အလေးထားဖြစ်လို ဝါသနာတူ လူငယ်တွေစုဝေးပြီး အဖွဲ့လိုက်လှုပ်ရှားဆောင်ရွက်မှုတွေကို ငယ်စဥ်ကတည်းက လေ့ကျင့်ပေးရမှာဖြစ်ကြောင်း၊ တစ်ဦးကောင်းတစ်ယောက်ကောင်း ဆောင်ရွက်ခြင်းထက် အဖွဲ့အစည်းစိတ်ဓာတ်နဲ့ လှုပ်ရှားဆောင်ရွက်ခြင်းကို အားပေးရမှာဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကတည်းက ပူးပေါင်းဆောင်ရွက်တတ်ဖို့ သူငယ်ချင်းအပေါင်းအသင်းများနဲ့ သဟဇာတဖြစ်အောင်နေထိုင်တတ်ဖို့၊ အခက်အခဲစိန်ခေါ်မှုပြဿနာတွေကို ပူးပေါင်းဆောင်ရွက်တတ်စေဖို့၊ စေတနာ့ဝန်ထမ်းနဲ့ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်တတ်စေဖို့ လေ့ကျင့်ပျိုးထောင်ပေးရမှာဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ်လူငယ်တွေဟာ နိုင်ငံရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ လူ့စွမ်းအားဖြစ်တာနဲ့အညီ လူငယ်တွေရဲ့ အတွေးအခေါ်မှန်ကန်ရေး၊ ကိုယ်ကျင့်တရားကောင်းမွန်ရေးနဲ့ ဗလငါးတန်နဲ့ ပြည့်စုံတဲ့ လူငယ်တွေရဲ့ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်တွေဟာ အလွန်ကောင်းမွန်တဲ့အတွက်ကြောင့် အများအကျိုးဆောင်ရွက်ပေးလို့တဲ့ စိတ်တွေကိန်းအောင်းလာပြီး လူငယ်တွေလမ်းကြောင်းမှန်ပေါ်ရောက်ရှိစေရေးအတွက် ပြုစုပျိုးထောင်ပေးနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ကင်းထောက်နည်းပြဆရာမ ဒေါ်အေးအေးခိုင်က ကင်းထောက်ကျင့်ဝတ်နှင့် ပတ်သက်၍ ရှင်းလင်းကာ ပရိုဂျက်တာဖြင့် ကင်းထောက်လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများအား ပြသခဲ့သည်။

ထို့နောက် ခရိုင်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌနှင့် ခရိုင်အဖွဲ့ဝင်များ၊ မြို့နယ်ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် ကင်းထောက်နည်းပြနှင့် ကင်းထောက်အဖွဲ့ဝင်များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်နှင့် အဖွဲ့ဝင်များ၊တွံတေး ခရိုင်အတွင်းရှိမြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ပညာရေးမှူးများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၂၀၀) ဦး တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တိုင်း ဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ်သင်တန်းအား ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် တွံတေး၊ ဒလက၊ ဆိပ်ကြီးခနောင်တိုမြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၄၀) ဦးအားလည်းကောင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် ဖွင့်လှစ်သည့် သင်တန်းတွင် ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ (၄၀) ဦးအားလည်းကောင်း တစ်ပြိုင်တည်း မတ်လ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဦးမျိုးလှိုင်