၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်

မြစ်ကြီးနား မတ် ၂၅

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ် ၂၅ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း နိုင်ငံရတနာ ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြစ်ကြီးနားမြို့နယ်ပညာရေးမှူး ဒေါ်ကေသီဝင်းက အဖွင့်အမှာစကား ပြောကြားပြီး လက်ထောက်မြို့နယ်ပညာရေးမှူး၊ သင်တန်းကြီးကြပ်ရေးမှူး ဒေါ်မော်မော်ဝင်းက သင်တန်းစည်းကမ်းများ၊ သင်တန်းတွင် သင်ကြားမည့်ဘာသာရပ်များအား ရှင်းလင်းပြောကြားကာ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းတွင် သင်ကြားပို့ချသွားမည့် ဆရာ/ မများနှင့် မိတ်ဆက်ခဲ့ကြသည်။

အဆိုပါသင်တန်းကို မတ်လ ၂၅ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ အဆိုပါကျောင်းရှိ စာသင်ခန်းများတွင် ဘာသာရပ်အလိုက် နည်းပြများအား ရှင်းလင်းပို့ချဆွေးနွေးသွားမည်ဖြစ်ကာ သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်းနှင့် သိပ္ပံဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ မြစ်ကြီးနားမြို့နယ်အတွင်းရှိ အလယ်တန်းပြ ဆရာ/ မ (၇၀၀) ကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)