မြစ်ကြီးနားမြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

မြစ်ကြီးနား မတ် ၂၅

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးနှင့် ကချင်ပြည်နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း အေးမြ သီတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးက အဖွင့်အမှာစကားပြောကြားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုအဓိပွာယ်နှင့် ကိုယ်ကျိုးရှာနေမှုများ၊ ရုံးဌာန၏လုပ်ငန်းနှင့် ပတ်သက်၍ ကိုယ်ကျိုးစီးပွားရှာမှုများ၊ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ပဲ ကျော်လွန်ဆောင်ရွက်ချက်များ၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုတွင် အလွဲပြုလုပ်နေမှုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများတွင် အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အခြေခံ အကြောင်းအရင်းများအား ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး အဂတိပြုကျင့်ခြင်းဆိုင်ရာ ဗီဒီယိုကလစ်များအား ဖွင့်လှစ်ပြသ၍ အဂတိလိုက်စားမှုဖြစ်စဉ်ဖြစ်ရပ်များနှင့် အမှုဖွင့်လှစ် အရေးယူဆောက်ရွက်ခဲ့မှုများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ဆရာ/မများက ဆွေးနွေးချက်များနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် အခမ်း အနားသို့ မြစ်ကြီးနားခရိုင်အတွင်းရှိ ဆရာ/မများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)