မောက်မယ် မတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတမြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၃−၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် KG မှ Grade-5 အထိ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) နှင်းဆီဆောင်ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီက စတင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါရှင်းလင်းပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသူရအောင်က အမျိုးသားပညာရည် စစ်ဆေးတိုင်းတာခြင်းကို စစ်ဆေးအကဲဖြတ်ခြင်း ကဏ္ဍ(၄)ရပ်ဖြစ်သော အတန်းတွင်းစစ်ဆေးခြင်း၊ ကျောင်းအခြေပြု စစ်ဆေးအကဲဖြတ်ခြင်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ပြီးမြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းနှင့် နမူနာအခြေပြုသင်ယူမှု စစ်ဆေးအကဲဖြတ်ခြင်းဟူ၍ ခွဲခြားသတ်မှတ်ထားသည့်အတွက် အတန်းကူးပြောင်းမှုရရှိဆောင်ရွက်ရာတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသော စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းလုပ်ထုံးလုပ်နည်းများအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ဆရာ/ဆရာမများအနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းဆင့် KG မှ Grade-5 အထိ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါဘာသာရပ်စွမ်းရည်မြှင့်သင်တန်းတွင် မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ KG မှ Grade-5 အထိ သင်ကြားနေသည့် ဆရာ/ဆရာမများ(၁၈၁)ဦး တက်ရောက်ကြပြီး နည်းပြ(၇)ဦးတို့မှ မတ်လ(၂၅)ရက်မှ(၃၀)ရက်နေ့အထိ(၆)ရက်တာ ဆွေးနွေးသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)