မောက်မယ် မတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ စက်သုံးဆီဝယ်ယူရာတွင် သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်စေရန်ရည်ရွယ်၍ စက်သုံးဆီရောင်းချနေသော ဆီဆိုင်များအား စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသော ရည်ညွှန်းစျေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ယခုနွေရာသီကာလအတွင်း မီးဘေးလုံခြုံရေးနှင့် ဆိုင်ပတ်ဝန်းကျင်၌ မီးတားလမ်းများ ဆောင်ရွက်ထားခြင်း ရှိ/မရှိကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်သော မြို့နယ်ရေနံထွက်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများတို့က စက်သုံးဆီအရောင်းဆိုင်များတွင် ဆိုင်းဘုတ်တပ်ဆင်၍ ရောင်းချစေခြင်း၊ စက်သုံးဆီအရည်အသွေးပြည့်မီရေး၊ အလေးချိန်ပြည့်မီ မှန်ကန်စေရေး၊ ခွဲဝေရရှိသောခွဲတမ်းများအတိုင်း အပြည့်အဝရောင်းချပေးရေး၊ ဆီသိုလှောင်ထားခြင်းမပြုကြစေရေး၊ နေ့စဉ်သတ်မှတ်စျေးရည်ညွှန်းစျေးအတိုင်းရောင်းချစေရေး၊ နေ့စဉ်စျေးနှုန်းများကို ဝယ်ယူသူအများပြည်သူသိရှိနိုင်စေရန် ဆိုင်းဘုတ်များတပ်ဆင်၍ ရောင်းချသွားစေရေးနှင့် ယခုနွေရာသီကာလအတွင်း မီးဘေးလုံခြုံရေးနှင့် ဆိုင်ပတ်ဝန်းကျင်၌ မီးတားလမ်းများ ဆောင်ရွက်ထား ခြင်းရှိ/မရှိ၊ လိုအပ်ပါကသက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာ ပေးပြောကြား၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)