မိုင်းယောင်း မတ် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးအုပ်စု နားဖန်းကျေးရွာ၌ ထပ်ကြောမ်ခမ်းစေတီ ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားကို တပေါင်းလပြည့်နေ့က စေတီတော်ရင်ပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံဃာတော်အရှင်မြတ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် ကုသိုလ်ရှင်ပရိတ်သတ်အပေါင်းတို့မှ နမာတဿ သုံးကြိမ် ဗုဒ္ဓပမာဏဝန္ဒနာဖြင့် ရွတ်ဖတ်ပူဇော်ကန်တော့၍ ဝမ်ကျိုင်းဆရာတော် ဦးခန္တီကောထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော် သံဃာတော်အရှင်မြတ်များမှ သပ္ပီတိယာဂါထာတော်တို့ဖြင့် မေတ္တာဘာဝနာပွားများခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ထပ်ကြောမ်ခမ်းစေတီတော်အား ကပ်လှူပူဇော်မည့် ရွှေထီးတော်၊ စိန်ဖူးတော်တို့ကို အလှူရှင်များက ဆရာတော်များထံ ကပ်လှူပူဇော်၍ ဆရာတော်သံဃာတော်များမှ စိန်ဖူးတော်တွင်းထည့်သွင်းပူဇော်မည့် ရတနာများကို ထည့်သွင်းပူဇော်ပေးပြီး မင်္ဂလာအချိန်တွင် ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေခေါင်းလောင်းတို့ကို နတ်ပန်းရထားဖြင့် စေတီတော်အထွဋ်သို့ တင်လှူပူဇော်ခဲ့ကြသည်။
ယင်းနောက် ဆရာတော်သံဃာတော်များမှ စေတီတော်အား ဗုဒ္ဓဘိသေကမင်္ဂလာပူဇော်၍ ဝမ်ကျိုင်းဆရာတော် ဦးခန္တီကောထံမှ ရတနတ္တယပူဇနိယကုသိုလ် အနုမောဒနာတရားနာယူကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှုဒါန်းပြီး ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ အဓိဋ္ဌာန်သုံးကြိမ်ရွတ်ဆိုခဲ့ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ပေါက်ရွက်ကောက်ညှင်းပေါင်းကို သက်ကယ်တဲအတွင်း၌ စားသုံးခြင်း၊ ဧည့်သည်တော်များအား ဝေမျှပေးခြင်း၊ နတ်ကောင်းနတ်မြတ်တို့အား ဆုတောင်းမေတ္တာပို့ပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း