မုဒုံမြို့ ဝင်းစိန်တောရကျောင်းရှိ “အောင်ချမ်းသာညီနောင်စေတီ” ရွှေထီးတော်တင်လှူပူဇော်ပွဲကျင်းပ

မုဒုံ မတ် ၂၅

မွန်ပြည်နယ် မုဒုံမြို့ မြိုင်ကုန်းကျေးရွာရှိ ကျေးဇူးတော်ရှင် ဝင်းစိန်တောရကျောင်း ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ကေသရအား ဦးထိပ်ပန်ဆင်၍ ဆရာတော်ကြီး တည်ထားတော်မူခဲ့သည့် “အောင်ချမ်းသာညီနောင်” စေတီတော်မြတ်နှစ်ဆူကို ယမန်နေ့ (တပေါင်းလပြည့်နေ့) က ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပသည်။

ဦးစွာ ဆရာတော် ဘဒ္ဒန္တသောဟုလာ (ခ) ဦးဇင်းလေ၊ သံဃာတော်အရှင်သူမြတ်များ၊ အလှူရှင်နှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့မှ ပရိတ်တရားတော်များ ရွက်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူ၍ ဧည့်ပရိသတ်အပေါင်းတို့က နာယူကြည်ညိုခဲ့ကြပြီး အလှူရှင်မိသားစုတို့မှ ရွှေထီးတော်အသစ်အား ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်း၍ အနုမောဒနာတရားနာချီးမြှင့်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေသည်။ ဆက်လက်၍ စေတီတော်ပေါ်သို့ တင်လှူပူဇော်မည့် ရွှေထီးတော်အား ဆရာတော်ကြီးများဦးဆောင်၍ တင်လှူပူဇော်ခဲ့ကြပြီး ဆရာတော် သံဃာတော်များအား ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)