ဘီးလင်း မတ် ၂၅
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဆရာစံရပ်ကွက်ရှိ ဇမ္ဗူပတိကြေးသွန်း ဘုရားကြီး၏ (ဒသမ)အကြိမ်မြောက် အနေကဇာတင်ပူဇော်ခြင်း၊ (၁၅၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အခမ်းအနားကို မတ်လ (၂၄) ရက်၊ တပေါင်းလပြည့်နေ့ နံနက်က ကြေးသွန်းဘုရားဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဘီးလင်းမြို့နယ်အတွင်းရှိ ဆရာတော်ကြီးများနှင့် သံဃာတော် အရှင်သူမြတ်တို့က ဇမ္ဗူပတိ ကြေးသွန်းဘုရားကြီးအား အရုဏ်တက်ချိန်၌ ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ကြသည်။ ယင်းနောက် တက်ရောက်လာကြသော ဧည့်ပရိသတ်များက စကားဝါကျောင်းတိုက် ဆရာတော်ဥူးတိဿထံမှ ဥပုသ်သီလခံယူ ဆောက်တည်ကာ အလှူရှင်များက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ထို့နောက် ဘီးလင်းမြို့နယ်အတွင်းရှိ အလှူရှင်များက စုပေါင်း၍ ကြွရောက်လာကြသည့် ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ တပျော်တပါး လောင်းလှူခဲ့ကြပြီး ဧည့်ပရိသတ်များအား စတုဒီသာ ဒံပေါက်ထမင်းများဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)