မော်လမြိုင် မတ် ၂၄
၂၀၂၄ ခုနှစ်၊ သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်လှူပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး “ထူးမခြားနား”သီးချင်းခံဂုဏ်ပြုပူဇော်ခဲ့ကြကာ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဆရာတော် (မဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တစန္ဒောဘာသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများက မဟာဂန္ထဝါစက ပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာကမ္မဌာနာစရိယ၊ ဂန္ထဝါစကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၁၁)ပါးနှင့် ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး (၁)ပါးတို့အား သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ သီရိမင်္ဂလာဒေါ်လန်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် (မဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဉာဏုတ္တရ အရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ အလှူရှင်များက သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများကို ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)