ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် (၂၃) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားနှင့် ဆွမ်းတော်ကြီး လောင်းလှူပွဲကျင်းပ

ပြင်ဦးလွင် မတ် ၂၄

တပေါင်းလပြည့်နေ့သည် ဘုရားရှင် ပြည်တော်ဝင်ရန် စတင်ကြွလှမ်းသောနေ့ဖြစ်ပြီး ဘုရားရှင် ကပိလဝတ်နေပြည်တော်သို့ ကြွတော်မူခြင်းကို အကြောင်းပြု၍ သာသနာတော်၌ ထူးခြားသော ဖြစ်ရပ်ကြီးများပေါ်ထွန်းခဲ့ရာ တပေါင်းလပြည့်နေ့တွင် ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် (၂၃) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားနှင့် ဆွမ်းတော်ကြီး လောင်းလှူပွဲကို ယနေ့ နံနက် ၇ နာရီ ကကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ခဲ့ပြီး ဝိသုဒ္ဓါရုံ ကျောင်းတိုက်ဆရာတော် မဟာဂန္ဓဝါစက ပဏ္ဍိတ ဘဒ္ဒန္တအရိန္ဒမထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ဆက်လက်၍ မြို့လယ်ရွှေစည်းခုံကျောင်းတိုက် ဆရာတော်အဂ္ဂမဟာမဏ္ဍိတ ဘဒ္ဒန္တအာစိဏ္ဏထံမှ ရေစက်ချ အနုမောဒနာတရား နာယူကြည်ညိုကြပြီး ဗုဒ္ဓပူဇနိယပွဲတော် (၂၃) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းသည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းအနေဖြင့် ဆွမ်းတော်ကြီး လောင်းလှူပွဲကျင်းပရာ ပင့်ဖိတ်ထားသော သံဃာတော် (၁၀၈) ပါးအား ပြင်ဦးလွင်တပ်နယ်မှ တပ်ရင်းတပ်ဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များက ဆွမ်းသပိတ်နှင့် ဆွမ်းဆန်စိမ်းများ၊ လှူဖွယ်ပစ္စည်းများအား အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင်ပြန်/ဆက်)