မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် တပ်ဦးကမ္ဘာအေး စေတီတော်မြတ်၌ အသစ်တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ရွှေထီးတော်များ ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနား တက်ရောက်

မော်လမြိုင် မတ် ၂၄

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း တည်ထားကိုးကွယ်တော်မူသည့် တပ်ဦးကမ္ဘာအေး စေတီတော်မြတ် အသစ်တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များ ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နဂါးမောက်စေတီတော်မြတ်ကြီး ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ကန်တော့ဖွင့်လှစ်ခဲ့ပြီး မြစေတီစာသင်တိုက်ဦးစီးပဓာန နာယကဆရာတော်  အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိဆရာတော်ကြီးထံမှ သီလတော်မြတ်များ ခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်များအား  စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်‌ရွှေထီးတော်သစ်တို့၌ ကပ်လှူပူဇော်မည့် ရွှေဆိုင်းများ၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အလှူရှင်များက စေတီတော်မြတ်တွင် အသစ်တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်‌ရွှေထီး‌တော်တို့အား ရွှေသင်္ကန်းများကပ်လှူပူဇော်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)