မိုင်းဆတ်မြို့နယ် သဗ္ဗညုကျောင်းတိုက်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား ကျင်းပ

မိုင်းဆတ် မတ် ၂၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် သဗ္ဗညုကျောင်းတိုက်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး ကောင်းမှုလျှံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏောဘာသထံမှ (၅)ပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များရွတ်ဖတ်ချီးမြှင့်တော်မူခဲ့သည်။

ယင်းနောက် အမှတ် (၁၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇင်မင်းထွန်းနှင့် ဇနီး ဒေါ်ခင်ဌေးဌေးနှင့် အလှူရှင်များက သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သဗ္ဗညုကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဣန္ဒက အရှင်သူမြတ်ထံမှ ရေစက်သွန်းချ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ  အမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ အမှတ် (၁၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇင်မင်းထွန်းနှင့် မိုင်းဆတ်မြို့ဒေသခံပြည်သူများက ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၃၆၀) ပါးအား ဆွမ်းဆန်၊ ဆေးနှင့် လှူဖွယ်ပစ္စည်းများကို သဒ္ဒါတရားထက်သန်စွာ လောင်းလှူခဲ့ကြကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)