မိုးကောင်းမြို့၌ မင်္ဂလာစုမ့်မိန်း စေတီတော်မြတ်ကြီးအား သတ္တဌာနအလယ်ဌာပနာသွင်းလှူပူဇော်ပွဲကျင်းပ

မိုးကောင်း      မတ်    ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အောင်မင်္ဂလာကျေးရွာ၌ မိုင်းဖုန်းဆရာတော်အားအမှူးပြု တည်ထားကိုးကွယ်တော်မူအပ်သော မင်္ဂလာစုမ့်မိန်းစေတီတော်မြတ်ကြီးအား သတ္တဌာနအလယ်ဌာပနာသွင်းလှူပူဇော်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင်ကျင်းပရာ အမှတ်(၃)ခြေလျင်တပ်မဟာမှ တပ်မဟာမှူးဗိုလ်မှူးကြီးသန့်ဇင်ဦးနှင့် ဇနီး၊ တပ်မဟာမိသားစုဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်ဌာနဆိုင်ရာများ၊ စေတီကုသိုလ်အလှူရှင်များနှင့် ရပ်နီးရပ်ဝေးမှ ပြည်သူများတက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားကို နမောဿတ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌသောင်ဦးကျောင်းတိုက်ဆရာတော်ထံ ငါးပါးသီလခံယူတည်ဆောက်၍  ဆရာတော်သံဃာတော်များက ပရိတ်မေတ္တာသုတ်ချီးမြှင့်ကာ ဥပသက(၄)ဦးမှ ပရိတ်သဲ၊ ပရိတ်ချည်၊ ပရိတ်ပန်းနှင့် နံ့သာရည်များ၊ သတ္တဌာန ဗုဒ္ဓဆင်းတုတော်များနှင့်ရတနာပစ္စည်းများကို သံဃာတော်အရှင်သူမြတ်တို့အား ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ စေတီတော်ဝတ္တက မြေကုသိုလ်ရှင်၊ သတ္တဌာနကုသိုလ်ရှင်၊ ရေစင်ကုသိုလ်ရှင်နှင့် ရေကန်ကြီးကုသိုလ်ရှင်များက ဗုဒ္ဓဆင်းတုတော်နှင့် ဌာပနာပစ္စည်းများအား စေတီသို့ပင့်ဆောင်ပြီး လက်ယာရစ်(၃)ပတ်လှည့်လည်ပူဇော်ကာ ဌာပနာသွင်းလှူပူဇော်ကြသည်။ ထို့နောက် ဇယန္တောဂါထာတော်နှင့် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနား အောင်မြင်ပြီးမြောက်ခဲ့ကြောင်း သိရသည်။

သန်လွင်ဦး(ပြန်/ဆက်)