မိုးကုတ် မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ မြို့မရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းသင်တန်း (၁/၂၀၂၄) ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးဒေါ်မြင့်မြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကြက်ခြေနီ၏အဓိပ္ပာယ်၊ ကြက်ခြေနီအခြေခံမူ (၇) ချက်နှင့် ရှေးဦးပြုစုခြင်း အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှုး ဦးဆောင်၍ ကြက်ခြေနီနည်းပြ ဆရာ/ဆရာမများ၊ လူငယ်ကြက်ခြေနီကော်မတီဝင် စေတနာ့လုပ်အားရှင်များက စေတနာ့ဝန်ထမ်းအကျိုးဆောင်ခြင်း၊ ရှေးဦးပြုစုခြင်းနှင့် လူနာတစ်ဦးအား တွေ့ရှိပါက ဆန်းစစ်ရမည့်အချက်များ စသည်တို့ကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ ကြက်ခြေနီရှေးဦးပြုစုခြင်းသင်တန်း (၁/၂၀၂၄) တွင် ဆရာ/ ဆရာမ စုစုပေါင်း (၂၃၄) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှ မတ်လ (၂၃) ရက်နေ့မှ (၂၄) ရက်နေ့အထိ (၂) ရက်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)