မော်လမြိုင် မတ် ၂၄
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ကျိုက်ဖနဲနယ်မြေ ရွှေကြက်ယက် စေတီတော်မြတ်ကြီး ရွှေထီးတော် စိန်ဖူးတော် ငှက်မြတ်နားတော်နှင့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဩဝါဒါစရိယ ဆရာတော်များ နာယကဆရာတော်များ သံဃာတော်အရှင်မြတ်များနှင့် ကုသိုလ်ရှင်ပရိတ်သတ်အပေါင်းတို့မှ နမာတဿ သုံးကြိမ် ဗုဒ္ဓပမာဏဝန္ဒနာဖြင့် ရွတ်ဖတ်ပူဇော် ကန်တော့၍ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အတုလရန်အောင် ဆရာတော်ထံမှ ပရိသတ်များက ကာလပရိယန္တဥပေါသထ သီလခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်အရှင်မြတ်များမှ သပ္ပီတိယာစသော ဂါထာတော်တို့ဖြင့် မေတ္တာဘာဝနာ ပွားများခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက်ရွှေကြက်ယက်စေတီတော်မြတ်ကြီးအား ကပ်လှူပူဇော်မည့် ရွှေထီးတော်ကို အလှူရှင်များဖြစ်ကြသော ဦးကျော်စိုး ဒေါ်ခင်သန်းဝေ မိသားစုတို့မှ ရွှေထီးတော် ငှက်မြတ်နားတော်တို့ကို ဆရာတော်များထံကပ်လှူ ပူဇော်ခြင်း၊ ရွှေကြက်ယက်စေတီတော်မြတ်ကြီးတွင် ကပ်လှူပူဇော်မည့် “စိန်ဖူးတော်” ကို အလှူရှင် ရွှေကြက်ယက်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ နာယက ကြီးဦးစိုးဝင်း (နွေပန်းဆောက်လုပ်ရေးနှင့် သစ်ခွဲစက်) မိသားစုတို့မှ ဆရာတော်များထံ ကပ်လှူပူဇော်ခြင်းနှင့် ဆရာတော်သံဃာတော်များမှ စိန်ဖူးတော်တွင်း ထည့်သွင်းပူဇော်မည့် ရတနာများကိုထည့်သွင်း ပူဇော်ပေးခြင်း၊ ရွှေထီးတော် စိန်ဖူးတော် ငှက်မြတ်နားတော် ရွှေခေါင်းလောင်းတို့ကို စေတီတော်အထွဋ်သို့ နတ်ပန်းရထားဖြင့် တင်လှူပူဇော်နိုင်ရန် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် ကုသိုလ်ရှင်များက(မင်္ဂလာရွှေဆိုင်းတော်မှ စည်တော်ယွန်း၍) စံကျောင်းတော်သို့ ပင့်ဆောင်ခြင်း၊ မင်္ဂလာအချိန်တွင် ရွှေထီးတော် စိန်ဖူးတော် ငှက်မြတ်နားတော်ရွှေခေါင်းလောင်းတို့ကို နတ်ပန်းရထားဖြင့် (မင်္ဂလာရွှေဆိုင်းတော်မှ ကောင်းကင်ကြိုးဖြင့်ပူဇော်၍ ) စေတီတော်အထွဋ်သို့ တင်လှူပူဇော်ခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များမှ စေတီကော်မြတ်ကြီးအား ဗုဒ္ဓဘိသေကမင်္ဂလာ ပူဇော်ပြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အတုလရန်အောင် ဆရာတော်ထံမှ ရတနတ္တယ ပူဇနိယ ကုသိုလ် အနုမောဒနာ တရားနာယူကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှုဒါန်းပြီးရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသန အဓိဋ္ဌာန် သုံးကြိမ် ရွတ်ဆိုခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)