ကွတ်ခိုင် နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ပေါ်ရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးနေမှုများနှင့် ရွေးကောက်ပွဲအတွက် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးမှူးဒေါ်တောင်ဂျာခေါန်နှင့် ရွေးကောက်ပွဲ ကော်မတီဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကွတ်ခိုက်မြို့အမှတ်(၁)၊ (၂)၊(၃)နှင့်(၇)ရပ်ကွက်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့၌ အသက်၆၀နှင့်အထက် သက်ကြီးရွယ်အိုများ၊ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့်သူများ၊ ကြိုတင်ဆန္ဒမဲပေးနေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုပြီး ပြည်သူများ ကြိုတင်ဆန္ဒမဲပေးရာတွင် လွတ်လပ်စွာ မဲပေးနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့် အညီ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မဲရုံများပြင်ဆင် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ သတ်မှတ်ပုံစံများနှင့် အညီ ဆောင်ရွက်သွားရန် အကြံပြုဆွေးနွေးခဲ့သည်။
ကွတ်ခိုင်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ (၁၂၉၀၀၀)ခန့်ရှိကာ မဲရုံပေါင်း(၁၄၃)ရုံဖွင့်လှစ်ဆောင်ရွက်ထားကြောင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေညာချက်အရ ကျေးရွာအုပ်စု(၄)အုပ်စုအား ရွေးကောက်ပွဲ မကျင်းပနိုင်သည့် တည်နေရာအဖြစ် ကြေညာထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။
ကိုမိုင်း (ပြန်/ဆက်)