တာချီလိတ်မြို့၌ ဆိုလာ (Controller) အပူလွန်ကဲ၍ နေအိမ်အမိုးကို မီးကူးစက်ရာမှ မီးလောင်မှုဖြစ်ပွား

တာချီလိတ်    မတ်    ၂၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ဟွေပါလန်း (ပလောင်ရွာ)တွင် ယမန်နေ့မွန်းလွဲ ၂ နာရီက ဆိုလာ(Controller)အပူလွန်ကဲကာ နေအိမ်အမိုး သက်ကယ်သို့ မီးကူးစက်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဟွေပါလန်း (ပလောင်ရွာ)နေ ဦးပေါ်နွန်း (ဘ) ဦးပေါ်ဆမ် အသက် (၅၅)နှစ်၏ ဦးဇော်ထွေး (ဘ) ဦးထီး အသက် (၃၇)နှစ်၏ ပေ(၁၅×၂၀) သက်ကယ်မိုး၊ ပျဉ်ကာ၊ ဝါးခြမ်းခင်း၊ မြေစိုက်နေအိမ်အမိုးပေါ်ရှိ ဆိုလာပြားဖြင့် ဘတ္တရီအားသွင်းထားရာမှ ဆိုလာ (Controller) အပူလွန် ကဲ၍ နေအိမ်အမိုး သက်ကယ်သို့ ကူးစက်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုအား တယ်လီဖုန်းသတင်းရရှိသဖြင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးလှမင်း ဦးစီးသော မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်စက်ယာဉ် (၁)စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၁၂ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃)ဦးနှင့် ရပ်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ  ည‌နေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် မီးလုံးဝ ငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဦးပေါ်နွန်း၏ ပေ(၁၅×၂၀) သက်ကယ်မိုး၊ ပျဉ်ကာ၊ ဝါးခြမ်းခင်း လူနေအိမ် (၁)လုံး၊ ပေ(၂၀×၃၀) သွပ်မိုး၊ ပျဉ်ကာ၊ ဝါးခြမ်းခင်း လူနေအိမ် (၁)လုံး၊ လက်တွန်းလယ် ထွန်စက် (၁)စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)