မိုးကောင်း မတ် ၂၄
ဆောင်းအကုန်နွေအကူး မြန်မာလ(၁၂)လတွင် နောက်ဆုံးလဖြစ်သည့် တပေါင်းလသည် မြစ်ချောင်းများသောင်ထွန်း၍ ငွေရောင်တောက်ပသော သဲသောင်ပြင်တွင် မြန်မာလူမျိုးများ သဲပုံစေတီတည်လှူသည့် ရိုးရာဓလေ့သည် မြတ်စွာဘုရားမပွင့်မီကတည်းက ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အလယ်ရပ်အောက်ချိုင့် မိုးကောင်းချောင်းဘေး သဲသောင်ပြင်တွင်လည်း တပေါင်းလဆန်း(၁၄)ရက် ယမန်နေ့ ညနေပိုင်းက သဲပုံစေတီ ထီးတော်တင်လှူခဲ့ကြောင်း သိရသည်။
အဆိုပါ သဲပုံစေတီတော်တည်လှူခြင်းကို နှစ်စဉ်ပြုလုပ်ခဲ့သည်မှာ နှစ်ပေါင်း (၃၀)ကျော်ရှိပြီဖြစ်ကြောင်း ရပ်ကွက်နေပြည်သူအလှူရှင်တစ်ဦးထံမှ သိရသည်။
ဓါတ်တော်မပါသည့် ပူလိနထူပဟုခေါ်သော သဲပုံစေတီအား ဉာဏ်တော် (၁၅)တောင်ခန့် တည်ထားပြီး အလျား (၁၈)ပေ၊ အနံ(၁)ပေခွဲရှိ ဝါးထရံဖြင့် အောက်ခြေမှစတင်ခွေ၍ တည်လှူခဲ့ခြင်းဖြစ်ကြောင်းနှင့် အလှူရှင်များမှလည်း စတုဒီသာများ တည်ခင်းကျွေးမွေးကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)