ရန်ကုန် နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ မြို့ရှောင်လမ်း ဧကရာဇ်ရပ်ကွက်တွင် ယနေ့နံနက် (၀၅:၄၂) အချိန်ခန့်က ပန်ကာအပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ထောက်ကြန့်နယ် မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် ဧကရာဇ်ရပ်ကွက်၊ မြို့ရှောင်လမ်းတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ထောက်ကြန့်နယ်မြေရဲစခန်းမှူးနှင့် တာဝန် ရှိသူများသည် မီးလောင်မှုဖြစ်ပွားရာနေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ (အလျှား ၁၀ပေ x အနံ ၁၅ပေ)ရှိ သွပ်မိုးထရံကာ အဆောက်အဦ လုံးချင်း နေအိမ် နောက်ခန်းတွင် ထားရှိသော ပန်ကာ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ရာသို့ မင်္ဂလာဒုံ မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် အဖွဲ့ဝင် ၃၈ ဦးတို့မှ မီးသတ်ယာဉ် ၄ စီး ရေသယ်ယာဉ် ၁ စီးတို့ဖြင့် လာရောက် ငြှိမ်းသတ်ခဲ့ရာ (၀၅:၄၈) အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး (၀၅:၅၂)အချိန်တွင် မီးငြိမ်း သွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အဆောက်အဦနှင့် နေအိမ်ရှိပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆသူ နေအိမ်ပိုင်ရှင်အား ထောက်ကြန့် နယ်မြေ ရဲစခန်းမှ အမှုဖွင့်အရေးယူ နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မျိုးသန့် (ပြန်/ဆက်)