မိုးညှင်း မတ် ၂၄
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ (အင်းတော်ကြီး)ရေလယ်ဘုရား (၁၅၅) ကြိမ်မြောက် ဗုဒ္ဓါဘိသေက မင်္ဂလာအခမ်းအနားနှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကို နှစ်စဉ်တပေါင်းလပြည့်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘုရားပွဲတော်အား ယခုနှစ်တွင် ဇာတ်သဘင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်း မရှိသော်လည်း နှစ်စဉ်ရိုးရာ အစဉ်အလာမပြတ် ဗုဒ္ဓါဘိသေကမင်္ဂလာအခမ်းအနားနှင့် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲကို တပေါင်းလပြည့်နေ့တွင် ကျင်းပလေ့ရှိရာ ပူဇော်ပွဲဖွင့်ပွဲ၊ ပိတ်ပွဲနှင့် အောင်ပွဲကျင်းပရာတွင် ဘုရားအမှူးရှိသော ဆရာတော်ကြီးများအပါအဝင် သံဃာတော် အရှင်သူမြတ်တို့အား အင်းတော်ကြီးအိုင်ပတ်လည်အတွင်းရှိ ကျေးရွာအုပ်စု (၁၁)စု၊ ကျေးရွာပေါင်း (၄၃)ရွာမှ ကျေးရွာသူ ကျေးရွာသားများ၊ အလှူရှင်များနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများက ဆွမ်းဆန်နှင့်တကွ လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆရာတော်၊ သံဃာတော်များအား လာရောက် လှူဒါန်းကြလျက်ရှိပြီး ဒေသခံတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့မှ လူငယ်များက ရိုးရာအကပဒေသာများဖြင့် ကပြဖျော်ဖြေလျက်ရှိကြောင်း သိရသည်။
ထို့နောက် (၁၅၅) ကြိမ်မြောက် ဗုဒ္ဓါဘိသေကမင်္ဂလာအခမ်းအနားနှင့် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးပြည်သူများက ဘုရား လာရောက်ဖူးမြော်ကြရာတွင် ပန်း၊ ဆီမီး၊ ရေချမ်းနှင့် အမွှေးနံ့သာများ ထွန်းညှိပူဇော်ကြခြင်းများ၊ ရွှေသင်္ကန်းများ ကပ်လှူကြခြင်း၊ ဘက်စုံအလှူငွေများ ပါဝင်လှူဒါန်းကြခြင်း၊ ဘုရားရေသပ္ပာယ်ခြင်း၊ ငါးအစာများကျွေးခြင်း၊ ဘုရားဝတ်ရွတ်အသင်းမှ ဝတ်ရွတ်ပူဇော်ကြခြင်းနှင့် ဥပုသ်သီလစောင့်သည် ကြခြင်းတို့ဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း