သထုံရွှေစာရံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အခမ်းအနားကျင်းပ

သထုံ မတ် ၂၄

မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် (၂၃)ကြိမ်မြောက် ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အခမ်းအနားကို မတ်လ ၂၄ ရက်၊ တပေါင်းလပြည့်နေ့ နံနက်က ရွှေစာရံစေတီတော် ပုရဝုဏ်ရှိ သု၀ဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အရုဏ်တက်အချိန်၌ သထုံမြို့နယ်အတွင်းရှိ စေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်တို့က စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ကြသည်။

ယင်းနောက် သုဝဏ္ဏဘူမိ သာသနာ့ဗိမ္မာန်တော်၌ ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိသတ်များ တက်ရောက်ကြပြီး နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ သဒ္ဓမဇောတိကာရာမကျောင်းတိုက် ပဓာနနာယကဆရာတော် ပိဋကတ္တရပါရဂူ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သုမနာဘိဝံသထံမှ သီလခံယူကြသည်။

ဆက်လက်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များက ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တသုတ် အစရှိသည့် ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ အလှူရှင်များက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှု အစုစုတို့အတွက်ရေစက်သွန်းချ အမျှပေး၀ေခဲ့ကြ‌သည်။

ထို့နောက် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် အလှူရှင်များစု‌ပေါင်းကာ ကြွရောက်လာကြသည့် ကျောင်းတိုက် အသီးသီးမှ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ တပျော်တပါးလောင်းလှူခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)