သထုံမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား ပြည်နယ်အဆင့် ကျင်းပ

သထုံ မတ် ၂၄

မွန်ပြည်နယ်အဆင့် (၇၅) နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို မတ်လ ၂၄ ရက်၊ တပေါင်းလပြည့်နေ့ နံနက်က သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသား ဗိမာန်တော်၌ ပြည်နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာဝန်ကြီး ဉီးခင်မောင်ဉီးနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသူတိုင်းရင်းသားများ၊ ဧည့်ပရိတ်သတ်များ တက်ရောက်သည်။

ရှေးဦးစွာ (၇၅) နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့ မုခ်ဉီးနှင့် ပအိုဝ်းအမျိုးသား ဗိမာန်တော်တို့အား ပြည်နယ်တိုင်းရင်းသား‌ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

အခမ်းအနားတွင် သဘာပတိအဖွဲ့ဝင် ဘီးလင်းမြို့ ခဲမောက်စင်္ကာပူကျောင်းတိုက် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ စန္ဒဝံသက အမှာစကားပြောကြားပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng phang နော်တောင်ထံမှ စိန်ရတု ပအိုဝ်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား မွန်ပြည်နယ် တိုင်းရင်သားရေးရာဝန်ကြီး ဦးခင်မောင်ဦးကလည်းကောင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းထံမှ ပေးပို့သည့် သဝဏ်လွှာအား သထုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးရဲနိုင်ကလည်းကောင်း တက်ရောက်ဖတ်ကြားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူတို့က ပအိုဝ်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းနှင့် ပအိုဝ်းသက္ကရာဇ်စာတမ်းတို့အား ရှင်းလင်း ဖတ်ကြားကြပြီး ပြည်နယ်တိုင်းရင်းသား‌ရေးရာဝန်ကြီးက ပအိုဝ်းအမျိုးသားနေ့ ကျင်းပ နိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ်သိန်း(၂၀၀) အား ပေးအပ်ရာ ပြည်နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူတို့က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ စိန်ရတု ပအိုဝ်းအမျိုးသားနေ့ကျင်းပရေးကော်မတီဝင်တစ်ဉီးနှင့် နောင်ကုလားကျေးရွာ ဒေသခံတစ်ဦးက ပအိုဝ်းအမျိုးသားနေ့ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားကြကာ ရိုးရာယဉ်ကျေးမှုအဖွဲ့များက ပအိုဝ်းတိုင်းရင်းသား ရိုးရာယဥ်‌ကျေးမှု အကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပအိုဝ်းတိုင်းရင်းသားနာယကဆရာတော်ကြီးများ၊ မွန်ပြည်နယ်တိုင်းရင်းသား‌ရေးရာဝန်ကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကရင်၊ မွန်၊ ရခိုင်၊ ပအိုဝ်း တိုင်းရင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)