အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နေသည့် ညောင်ဦးမြို့နယ်က အနောက်အုံကျေးရွာ

ညောင်ဦး မတ် ၂၄

ညောင်ဦးမြို့နယ်သည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည်နှင့်အညီ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သည်သာမက အညာလက်ဆောင်ပုံးရည်ကြီးနှင့် ထန်းလျက်စားသောက်ကုန်လုပ်ငန်းနှင့် ယွန်းထည်လုပ်ငန်းတို့မှာလည်း မြန်မာပြည်တဝှမ်းလူသိများ လှသည်။ အဆိုပါလုပ်ငန်းများအပြင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်သည့် ပဲကြော်လုပ်ငန်း၊ စက်ချုပ်လုပ်ငန်း၊ ပဲခွဲစက်လုပ်ငန်း၊ ဆီးခွဲစက်လုပ်ငန်း၊ ဆီစက် လုပ်ငန်းများလည်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

ညောင်ဦးမြို့နယ် အနောက်အုံကျေးရွာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖြစ်သည့် ပဲကြော်လုပ်ငန်း၊ စက်ချုပ်လုပ်ငန်း၊ ဆီးခွဲစက်လုပ်ငန်း၊ ဆီစက်လုပ်ငန်းများကို တောင်သူလုပ်ငန်းနှင့်အတူတွဲ ဖက်လုပ်ကိုင်၍ အသက်မွေးဝမ်းကြောင်းပြုကြသည်။

အနောက်အုံကျေးရွာသည် ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမကြီးပေါ်ရှိ ရွှေလှိုင်းရွာမှ (၃)မိုင်ခန့်အကွာတွင်တည်ရှိပြီး ကျေးရွာအရောက် ကွန်ကရစ်လမ်းခင်းထားသဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့်ရွာတစ်ရွာဖြစ်ကာ အိမ်ခြေ (၄၃၀) ရှိပြီး လူဦးရေ (၁၈၀၀)ခန့်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။

အနောက်အုံကျေးရွာတွင် စီးပွားဖြစ်ပဲကြော်လုပ်ငန်းလုပ်ကိုင်သူ (၇)ဦးရှိပြီး ဒေသခံအမျိုးသား၊ အမျိုးသမီးများအတွက်အလုပ် အကိုင်ဖန်တီးပေးလျက်ရှိသည်။ နံနက် ၇ နာရီမှနေ့လယ် ၁၂ နာရီအထိ အမျိုးသမီးတစ်ဦးလျှင်လုပ်အားခ (၅၀၀၀)ကျပ်ရရှိသည်။ မင်းထိုက်ပဲကြော်လုပ်ငန်းတွင် လုပ်သား (၃၀) ဦးမှ (၅၀)ဦးအထိရှိပြီး သာမန်ကာလတွင် (၃၀)ဦးနှင့်ဈေးကွက်လိုအပ်ချက်များပါက (၅၀)ဦးအထိရှိကြောင်း၊ ၂၀၀၃ ခုနှစ်ကစတင်လုပ်ကိုင်ခဲ့ပြီး ပဲကြော်၊ ရွှေဥကြော်၊ စားတော်လုံး၊ တရုတ်ပဲပွ၊ ပဲဆံကြော်များ ထုတ်လုပ်ရောင်းချလျက်ရှိသည်။ နေ့စဉ်ပျှမ်းမျှကုန်ချိန် ပိဿာတစ်ထောင်မှ နှစ်ထောင်အထိ ထုတ်လုပ်ရောင်းချလျက်ရှိသည်။

“ရရှိလာသည့် ပဲကြော်အပါအဝင် ထုတ်ကုန်များကို ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ တင်ပို့ရောင်းချတယ်။ ပဲကြော်အတွက် ပဲအမျိုးမျိုးကို စလင်း၊ ဆင်ဖြူကျွန်း၊ ချောက်မြို့များက အဓိကဝယ်ယူရပါတယ်။ ယခုနှစ် ပဲကြီးတစ်တင်း ကျပ်တစ်သိန်း၊ ကုလားပဲတစ်ပိဿာ ၆၅၀၀ ကျပ်၊ စားတော်ပဲတစ်ပိဿာ ၅၀၀၀ ကျပ်ဝယ်ယူရပါတယ်၊ အမြတ်ကပုံမှန်ဖြစ်ပေမယ့် အရင်းအနှီးကများလာပါတယ်။ အကြော်လုပ်ငန်းအတွက် စားသုံးဆီခွဲတမ်းရလို့အဆင်ပြေတယ်၊ ဆီခွဲတမ်းမရခင်က တစ်လလောက်ရပ်နားထားရမလိုဖြစ်ခဲ့သေးတယ်၊ အရင်းအနှီးအတွက် ပံ့ပိုးမှုတွေရချင်ပါတယ်၊ သက်ဆိုင်ရာဌာနကို လည်းတင်ပြထားပါတယ်” ဟု အနောက်အုံကျေးရွာ မင်းထိုက်ပဲကြော်လုပ်ငန်းပိုင်ရှင် ဦးကျော်မင်းထိုက်က ရှင်းပြသည်။

၎င်းအပြင် အသေးစား အငယ်စားစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် စက်ချုပ်လုပ်ငန်းကိုလည်း အမျိုးသမီးများလုပ်ကိုင်လျက်ရှိသည်ကိုတွေ့ရှိရသည်။ ပုံမှန်စီးပွားဖြစ် စက်ချုပ်လုပ်ငန်းလုပ်ကိုင်သူ (၃၅)ဦးခန့်ရှိသည်။ ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနကလည်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက် နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်း၊ အမျိုးသမီးဝင်ငွေတိုးလုပ်ငန်းအစီအစဉ်ဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမျိုးသမီး (၁၅)ဦးကို စက်ချုပ်နည်းပညာသင်တန်းအခမဲ့သင် ကြားပေးနိုင်ခဲ့သည်။

အဆိုပါသင်တန်းမှထူးချွန်သင်တန်းသူ (၅)ဦးကို တစ်ဦးလျှင် ကျပ်(၁၀)သိန်းနှင့်ညီမျှသော စက်ချုပ်လုပ်ငန်းသုံး ပစ္စည်းများပံ့ပိုးပေးခဲ့သည်။ စက်ချုပ်သင်တန်းတက်ရောက်ခဲ့ပြီး ရွှေဝါခိုင်အပ်ချုပ်ဆိုင်ဖွင့်လှစ်ထားသည့် ထူးချွန်သင်တန်းသူ မနုဝါခိုင် ကသင်တန်းမှာ ထူးချွန်လို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကပေးတဲ့ မော်တာစက်၊ ကင်းချည် စက်၊ စားပွဲတစ်လုံး၊ မီးပူ(မီးအိုး)၊ ထုပ်သီးရိုက်စက်နှင့် လက်သုံးကိရိယာများရရှိခဲ့ကြောင်း ယခင်က ရိုးရိုးအပ်ချုပ်စက်တစ်လုံးသာရှိတဲ့အတွက် အဆင်မပြေခဲ့ကြောင်း၊ ယခုအခါ ပစ္စည်းစုံလင်လာတဲ့အတွက် လုပ်ငန်းလုပ်ကိုင်ရာမှာထိရောက်ကြောင်း၊ ယခင်က ပုံမှန်ဝင်ငွေမရရှိကြောင်း၊ တောင်သူလုပ်ငန်းက မိုးလေဝသမှန်မှအဆင်ပြေကြောင်း၊ ယခုအခါ စက်ချုပ်လုပ်ငန်း ကောင်းကောင်းမွန်မွန် လုပ်ကိုင်လာနိုင်တဲ့အတွက် တစ်နေ့ဝင်ငွေ ကျပ်တစ်သောင်းအထက်ရရှိကြောင်း ရှင်းပြသည်။

ကျေးရွာအတွင်းလှည့်လည်ကြည့်ရှုရာ နွေဦးရာသီအစကာလဆိုသော်လည်း အလုပ်ကိုယ်စီနှင့် ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနေသည့် အနောက်အုံကျေးရွာ လေးမှာသာယာလှပနေသည်။ အခြားသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်သည့် ဆီကြိတ်လုပ်ငန်းဖြစ်သည့် ဆီဆုံ(၃၇)ဆုံ၊ ဆီးခွဲစက်(၅)ခု၊ ပဲခွဲစက်လုပ်ငန်း(၅)ခုကိုလည်းတွေ့ခဲ့ရသည်။

ကျေးရွာအတွင်း လှည့်လည်လေ့လာရင်း ရွာလယ်လမ်းမကြီးအတိုင်း ပြန်ထွက်အလာတွင် သွပ်မိုး၊ အုတ်ကာ လူငယ့်အားမာန်စာကြည့်တိုက်ကိုလည်းတွေ့မြင်ခဲ့ရသည်။ ရွာထိပ်အရောက်တွင် ကြည်ညိုဖွယ်ရာ ရွှေလက်လှစေ တီတော်မြတ်အား ဖူးမြော်ကာ နိုင်ငံ့စီးပွား၊ ဒေသစီးပွားမြှင့်တင်ရေးတွင် အခြေခံကျေးရွာ တစ်ရွာဖြစ်သည့်အနောက်အုံကျေးရွာနေပြည်သူများ အနေဖြင့် တောင်သူလုပ်ငန်းများကို အခြေခံ၍ အသေးစား အငယ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွဲဖက် လုပ်ကိုင်နေပုံများကိုမြင်ယောင်ရင်း ကြည်နူးဝမ်းသာဖြစ်ခဲ့ ရပါတော့သည်…….။

ကိုဇော်(ဓာတု)၊ ဒီပါလင်း