ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်အားပေး

မြစ်ကြီးနား မတ် ၂၄

ကချင်ပြည်နယ် ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းများဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ အားကစားနည်းအလိုက် သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက်အမှာစကားပြောကြားခဲကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်ပေးသည့် နွေရာသီအားကစားသင်တန်းသည် ကျောင်းသား/ကျောင်းသူ၊ လူငယ်မောင်မယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေပြီး အားကစားပြုလုပ်ခြင်းသည် လူကိုပျော်ရွှင်စေသည့်အပြင် ဝါသနာပါရာ အားကစားနည်းကို အခြေခံမှစ၍ စနစ်တကျ သင်ကြားတတ်မြောက်စေမည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း နောင်တစ်ချိန်တွင် ပြည်နယ်၏ ဂုဏ်ကို အားကစားနည်းဖြင့် မြှင့်တင်ပေးနိုင်မည့် အားကစားလူရည်ချွန်များ ပေါ်ထွန်းလာစေရေးနှင့် အနာဂတ်တွင် ပြည်နယ်၏ တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်ကြမည့် စွမ်းရည်ပြည့်ဝသော လူတော်/လူမော်များ ပေါ်ထွန်းလာစေရေး ယနေ့သင်တန်းများမှတစ်ဆင့် လူငယ်များကို ပြုစုပျိုးထောင်ပေးကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အားကစားနည်းအလိုက် နည်းပြဝတ်စုံများ၊ သင်တန်းသားဝတ်စုံများနှင့် သင်ထောက်ကူပစ္စည်းများကို သင်တန်းနည်းပြများထံ ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက နွေရာသီအားကစားသင်တန်းတက်ရောက်ကြသည့် အားကစားနည်း(၁၈)နည်းမှ သင်တန်းသား/သင်တန်းသူ ၁၅၀၀ ဦးတို့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ၏ မိဘများက အားကစားနည်းအလိုက် သရုပ်ပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ကချင်ပြည်နယ်၏ ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းတွင် ဘောလုံး၊ ဘောလီဘော၊ ဂျူဒို၊ တင်းနစ်၊ ကရာတေး၊ လက်ဝှေ့၊ ရိုးရာလက်ဝှေ့၊ မြန်မာ့လက်‌ဝှေ့၊ ပိုက်ကျော်ခြင်း စသည့် အားကစားနည်း (၁၈)နည်းဖြင့် တစ်လကျော်ကြာ သက်ဆိုင်ရာအားကစားရုံများ၊ အားကစားကွင်များအပြင် ရပ်ကွက်/ ကျေးရွာအားကစားကွင်းများတွင်လည်း ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် မတ်လ ၂၂ ရက်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ ဧရာဝတီမြစ်ဆိပ်၌ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဧရာဝတီ River View အပန်းဖြေနေရာတစ်ခုအဖြစ် ကမ်းနားလမ်းတစ်လျှောက် မြေဧရိယာ ၂၄ ဧကပေါ်တွင် မြေညှိခြင်း၊ မြေဖို့ခြင်းနှင့် အပန်းဖြေစခန်းအသွင် ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် နိုင်ငံ့ဂုဏ်ရည်လမ်းမှ ဝိုင်းမော်ကတိုးဆိပ်လမ်းအထိ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သွားမည့် ကွန်ကရစ်ကတ္တရာလမ်းသစ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)