နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဘဲဥအခြေခံနှင့် ယိုမျိုးစုံထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ တက်ရောက်

ဇေယျာသီရိ မတ် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဝက်စုကျေးရွာ၌ ဖွင့်လှစ်ခဲ့သည့် ဘဲဥအခြေခံနှင့် ယိုမျိုးစုံထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက ဝက်စုကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်းက ယနေ့ကျင်းပပြုလုပ်သည့် ဘဲဥအခြေခံနှင့် ယိုမျိုးစုံထုတ်လုပ်မှု နည်းပညာသင်တန်းသည် နေပြည်တော်ဒေသတွင်းမှာ ထွက်ရှိလာသော မွေးမြူရေးအခြေခံဘဲဥနှင့် စိုက်ပျိုးရေးအခြေခံ သီးနှံများကို တန်ဖိုးမြှင့်စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည့်အပြင် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (OVOP)၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP)လုပ်ငန်းများ ပေါ်ပေါက်လာစေရေးအတွက် မျှော်မှန်းပြီး ဆောင်ရွက်ခြင်းဖြစ်သည်ကို သိရှိရပါကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်းဆိုတာ မူလထွက်ကုန်များအား အဆင့်အတန်းမီ ထုပ်ပိုးခြင်း၊ ပြုပြင်ခြင်း၊ မူရင်းကုန်ကြမ်းနှင့် ကွဲပြားစေသည့် အခြားသော လုပ်ငန်းစဉ်များမှတဆင့် ကုန်ကြမ်းကို အသစ်အဆန်းအဖြစ် ပြောင်းလဲခြင်းဖြင့် ထုတ်ကုန်တန်ဖိုး တိုးမြှင့်စေခြင်ဖြစ်ပါကြောင်း၊  ဥပမာအနေဖြင့် ပြောရမည်ဆိုလျှင် ဘဲခြံများမှ ဘဲဥများ စတင်ဥလျှင် ဘဲဥအရွယ်ပမာဏသေးသည့်အတွက် ပုံမှန်ဘဲဥတွေလို ဈေးကောင်းမရသည့်အတွက် ဥစမ်းဘဲဥတွေကို ဆေးဘဲဥ အဖြစ်ပြုလုပ်ပြီး ဈေးကွက်ကို ဖြန့်မယ်ဆိုရင် အမြတ်ငွေပိုမိုရရှိလာမှာဖြစ်ပါကြောင်းနှင့်  ခရမ်းချဉ်သီးကို ကုန်ကြမ်းအတိုင်း မရောင်းဘဲ ခရမ်းချဉ်သီးယို၊ ခရမ်းချဉ်သီးဆော့စ် စသော တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ပြီးမှ ရောင်းချပါက ဈေးနှုန်းပိုရမှာဖြစ်ပါကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နိုင်ရန် နည်းပညာတွေကိုလည်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းဆင်း သင်တန်းသားများအနေဖြင့်လည်း သင်တန်းပြီးဆုံးသည့်နဲ့ သင်တန်းက ပို့ချပေးလိုက်သည့် နည်းပညာတွေကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် လုပ်ငန်းရှင်များအဖြစ် ကြိုးစားဆောင်ရွက်ပြီး မိမိအကျိုးစီးပွားမှတစ်ဆင့် မိမိရပ်ရွာအကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် အလေးထားဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့က သင်တန်းတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပြီး သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါသင်တန်းသို့ ကျည်တောင်ကျေးရွာအုပ်စု၊ ကံဦးကျေးရွာနှင့် ဝက်စုကျေးရွာတို့မှ သင်တန်းသား၊ သင်တန်းသူ ၁၂ ဦး တက်ရောက်ခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နည်းပြများက ဆေးဘဲဥပြုလုပ်နည်း၊ ဆေးငုံးဥပြုလုပ်နည်း၊ ဆားဘဲဥပြုလုပ်နည်း၊ ခရမ်းချဉ်သီးယို၊ ရှောက်ယိုနှင့် ရှားစောင်း လက်ပတ်ယိုပြုလုပ်နည်းများကို မတ်လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။ 

ထွန်းလင်း(ဇေယျာမြေ)