ကျောက်ဆည် မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ဇီဝနည်းပညာသုတေသနဦးစီးဌာနတွင် ဓာတ်ခွဲသုတေသနဆောင်ရွက်ရန် နမူနာပစ္စည်းများတိကျစွာ စနစ်တကျကောက်ယူနိုင်စေရန် ရေ၊ မြေ၊ လေထုအရည်အသွေးတိုင်းတာစစ်ဆေးမှုဆိုင်ရာ လက်တွေ့နယ်ပယ်တွင် အတတ်ပညာနှင့်အတွေ့အကြုံများမြှင့်တင်ရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး အားကောင်းစေရန်အတွက်ဖွင့်လှစ်ခဲ့သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဓာတ်ခွဲနည်းပညာသင်တန်း(မွမ်းမံ-၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ကျောက်ဆည်မြို့၊ တံစိုးဂိတ်ရပ်ကွက်၊ ဇီဝနည်းပညာသုတေသနဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် ကျောက်ဆည်မြို့ ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးအေးခိုင်က သန့်ရှင်းသောပတ်ဝန်းကျင်ကောင်းများဆောင်ရွက်နိုင်ရေး သင်တန်းသား/ သင်တန်းသူများအား မြေနမူနာများကောက်ယူခြင်းနှင့် မြေအရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများ၊ ရေနမူနာများကောက်ယူခြင်းနှင့် ရေအရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေးလမ်းညွှန်ချက်များနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ ဇီဝမှိုအသုံးချစွန့်ပစ်ညစ်ညမ်းရေသန့်စင်မှု လက်တွေ့အသုံးချနည်းပညာများကို စာတွေ့လက်တွေ့သင်ကြားပေးပြီးဖြစ်၍ ရေ၊ မြေ၊ လေထုအရည်အသွေးများတိုင်းတာရာတွင် အရည်အချင်းပြည့်ဝသည့် နည်းပညာရှင်များဖြစ်အောင် ဆက်လက်ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း အမှာစကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးရဲထွန်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍသည်အားလုံးနှင့် သက်ဆိုင်ပါကြောင်း သုတေသနဓာတ်ခွဲနည်းပညာသည် ကျယ်ပြန့်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းတွင်ရရှိခဲ့သောနည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ဆောင်သွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဓာတ်ခွဲနည်းပညာသင်တန်း(မွမ်းမံ-၁/၂၀၂၄) အောင်မြင်စွာဖွင့်လှစ်နိုင်ရေး ပံ့ပိုးကူညီခဲ့သောအဖွဲ့အစည်းများနှင့် သင်တန်းသား၊ သင်တန်းသူများအား ကျောက်ဆည်မြို့ ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးခိုင်၊ မန္တလေးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှညွှန်ကြားရေးမှူးဦးရဲထွန်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသားဦးထက်ဖြိုးအောင်က ကျေးဇူတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်းသိရသည်။
သက်မောက်(ကျောက်ဆည်)