မိုးကောင်းမြို့၌ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (World TB Day) အခမ်းအနားကျင်းပ၊ TB သံသယရှိသူများအား အခမဲ့ဓာတ်မှန်ရိုက် ဆေးစစ်ကုသပေး

မိုးကောင်း      မတ်    ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (World TB Day) အခမ်းအနားနှင့် TB သံသယရှိသူများအား အခမဲ့ဓာတ်မှန်ရိုက်ဆေးစစ်ကုသခြင်းကို မတ်လ(၂၃)ရက် နံနက်(၁၀)နာရီတွင် မိုးကောင်းပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးမျိုးဝင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်းနှင့် အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှစိုးမေတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးမျိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဆရာဝန်ကြီးက ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံနှင့် မြို့နယ်အတွင်း TB ဆေးကုသနေမှုအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ ပြည်နယ်တီဘီရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာသွယ်သွယ်စိမ်းက တီဘီရောဂါအကြောင်းနှင့်တီဘီရောဂါကုသမှု သိကောင်းစရာများကို လည်းကောင်း၊ ဆေးယဉ်ပါးတီဘီရောဂါပျောက်ကင်းသူတစ်ဦးမှ အတွေ့အကြုံမျှဝေခြင်းကို လည်းကောင်း၊ ဖီးနစ်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးညွန့်ဦးမှ Phoenix Association လုပ် ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း အသီးသီးပြောကြားသည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွင့်ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ တက်ရောက်သည်။

အဆိုပါကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်နယ် TB ရောဂါတိုက်ဖျက်ရေးဌာနမှ TB ရောဂါအထူးကု ဆရာဝန်ကြီးကိုယ်တိုင်လာရောက်ပြီး TB သံသယရှိသူများအား အခမဲ့ဓာတ်မှန်ရိုက် ဆေးစစ်ကုသပေးကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)