စစ်တွေ မတ် ၂၃
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဝန်ထမ်းများသို့ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များ ရောင်းချပေးနေမှုကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးဝန်းအတွင်း၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ဈေးရောင်းချပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ဈေးလာရောက်ဝယ်ယူကြသော ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ဈေးရောင်းချပေးရာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ငရုပ်သီးခြောက်၊ ငရုပ်သီးစိမ်း၊ ဂျင်း၊ ဟင်းချိုမှုန့်၊ ကော်ဖီမစ်၊ နို့စည်၊ စားအုန်းဆီ၊ ကြက်ဥ၊ ဗူးသီးနှင့် ဟင်းသီးဟင်းရွက်များကို ရောင်းချပေးခြင်းဖြစ်သည်။
ထိုသို့ရောင်းချပေးရာတွင် ဝန်ထမ်းတစ်ဦးအား ကြက်သွန်နီ ၅၀ ကျပ်သား၊ ကြက်သွန်ဖြူ ၂၀ ကျပ်သား၊ ငရုပ်သီးခြောက် ၁၀ ကျပ်သား၊ ဂျင်း ၁၀ ကျပ်သား၊ ဟင်းချိုမှုန့် ၅ ကျပ်သား၊ ကော်ဖီမစ် ၁ ထုပ်၊ စားအုန်းဆီ ၁ လီတာတို့နှင့် အခြားသောဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)