(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမှတ်(၇)လမ်း(မြို့ပတ်လမ်း) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

ဒဂုံအရှေ့ မတ် ၂၃

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ်(၇)လမ်း(မြို့ပတ်လမ်း) ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီ အချိန်က အမှတ်(၇)လမ်း(မြို့ပတ်လမ်း)၌ ဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထင်ကျော်က စီမံကိန်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း တိုးတက်များပြားလာသည့် လူဦးရေနှင့်အညီ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်မှုဖွံဖြိုးတိုးတက်စေရေးတို့အတွက် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ချင်းဆက်၊ ခရိုင်ချင်းဆက်လမ်းများကို အဆင့်မီသော လမ်းမကြီးများအဖြစ် ပေါ်ပေါက်လာစေရေး၊ အခြားသော တိုင်းဒေသကြီးများသို့ ဆက်သွယ်ထားသည့်လမ်းများအား ပိုမိုကောင်းမွန်စေရေးအတွက် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ယခုလမ်းသည် ယခင်က လမ်းဘေးပတ်ဝန်းကျင်ထက် နိမ့်ကျပြီး မိုးရာသီကာလရောက်တိုင်း ရေဝပ်ရေကျော်မှုကြောင့် ဆိုးရွာစွာ လမ်းပျက်စီးခဲ့ရပါသည်။ ၂၀၂၀ ခုနှစ်မှ စတင်၍ အမှတ်(၇) လမ်းမကြီးအား လမ်းဘေးအမြင့်ဆုံးရေအမှတ် Maximum High Flood Level အထက် ၃ ပေ အမြင့်ရရှိအောင် မြေသားတာဘောင်တည်ဆောက်၍ (၂၄)ပေအကျယ်နှင့်(၄၈)ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ အမှတ်(၇)လမ်း မကြီးအား(၂၄)ပေ အကျယ်ကွန်ကရစ်လမ်း (၇ မိုင် ၃ ဖာလုံ)နှင့် (၄၈)ပေအကျယ် ကွန်ကရစ်လမ်း ၂ မိုင်အဖြစ် ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။ ရန်ကုန်မြို့အဝင် လမ်းမကြီးဖြစ်သော အမှတ်(၁)လမ်း၊ အမှတ်(၂)လမ်း၊ အမှတ်(၃)လမ်း၊ ရန်ကုန်-ပြည်လမ်းနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းများကို ကန့်လန့်ဖြတ် ချိတ်ဆက်ထားသည့် အမှတ်(၇)လမ်း မြို့ပတ်လမ်းမကြီးအား ယခုလို ကွန်ကရစ်လမ်းအဖြစ် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးမှုနှင့်အတူ  ဒေသတွင်းပြည်သူများ၏ ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုများသည် ပိုမိုလျင်မြန်ချောမွေ့လာမှာမည်ဖြစ်ကာ ဒေသတွင်းပြည်သူများ၏ လူမှုအကျိုးစီးပွားများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အမှတ်(၇)လမ်း(မြို့ပတ်လမ်း)ပိုင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊  ရန်ကုန်တိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထင်ကျော်၊ ဒဂုံမြို့သစ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကို၊ လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဝင်း၊ ထောင်တလုတ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်နိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် မုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး အဆိုပါကွန်ကရစ်လမ်းဆောင်ရွက်ထားရှိမှုကို ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ ဧည့်သည်တော်များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ