မိုင်းဖြတ်မြို့နယ်၌ ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေး ပျိုးထောင်နည်းပညာပေး ဆောင်ရွက်

မိုင်းဖြတ် မတ် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသအတွင်း စိုက်ပျိုးရေးနည်းပညာများကို စဉ်ဆက်မပြတ် ပညာပေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အိုက်ငို့ကျေးရွာအုပ်စု၊ ဟာကြားဟုန်ကျေးရွာ၌ ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေး တောင်သူပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က တောင်သူများအနေဖြင့်   ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် ကော်ဖီပျိုးထောင်နည်း၊ ကော်ဖီသီးနှံစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးအမြတ်၊ တစ်ဧကအထွက်နှုန်းတိုးရရှိရေး ဆောင်ရွက်ရမည့်နည်းပညာများ၊ ပရိုဂျက်တာဖြင့် ရှင်းလင်းပြသ၍ မြို့နယ်အတွင်းရှိ မြေလွတ်မြေရိုင်းများ၊ ဥယျာဉ်ခြံများ၊ အစုအဖွဲ့ပိုင်သစ်တောများအတွင်း ကော်ဖီသီးနှံကိုစိုက်ပျိုးနိုင်းရး၊ (MSME)လုပ်ငန်းမှ ကော်ဖီစိုက်တောင်သူများအား ချေးငွေရရှိရေး ဆောင်ရွက်ပေးမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တောင်သူများက သိလိုသည့် နည်းပညာများကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်နှင့် တာဝန်ရှိသူများက တောင်သူများကို ကော်ဖီမျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများကို မြေပြင်၌ ကော်ဖီပျိုးထောင် စိုက်ပျိုးနည်းအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး(မိုင်းဖြတ်)