ဇေယျာသီရိမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဇေယျာသီရိ နိုဝင်ဘာ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်သူစိုးက အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏စံ(၅)ချက်နှင့်အညီ အလေးထား ဆောင်ရွက်ရေး၊ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းများအား ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင်  ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် အခါအားလျော်စွာ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာချက်များ တိတိကျကျလိုက်နာဆောင်ရွက်စေလိုကြောင်း၊ နိုဝင်ဘာ ၈ ရက်နေ့ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် မဲရုံများအားလုံး အဆင်သင့် ပြီးပြတ်အောင် ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ မဲရုံအတွင်း မလိုအပ်သည့် အခက်အခဲ ပြဿနာများ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်ရမည်ဖြစ်သဖြင့် မဲရုံအတွင်း ဝင်ရောက်ကြမည့် မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်၊ မဲရုံဝန်ထမ်းနှင့် ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ မဲရုံအတွင်း လုပ်ငန်းနှင့်မသက်ဆိုင်သည့် ဥပဒေနှင့်မညီညွတ်သည့် မည်သည့်ပစ္စည်းမျှ မယူဆောင်လာစေရေး၊ ဆန္ဒပြုတံဆိပ်တုံးများအား ကြိုးချည်ပြီး လုံခြုံမှုရှိစေရေး အနည်းဆုံး  ၁ နာရီခြားတစ်ခါ စစ်ဆေးဆောင်ရွက်ပေးစေရေး၊ မဲရုံများပြင်ဆင် ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်စေရေး၊ ဌာနဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များအနေဖြင့် တာဝန်ပေးအပ်ထားသည့် နယ်မြေအလိုက် ကြီးကြပ်ပေးရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက တင်ပြလာမှုအပေါ်  မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေး ပေးခဲ့သည်။

ဇေယျာသီရိမြို့နယ်တွင် ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၃)အုပ်စုရှိပြီး   စုစုပေါင်းမဲရုံ (၇၄)ရုံ၊  မဲဆန္ဒရှင် စုစုပေါင်း (၈၂၁၇၄)ဦးခန့်၊ အသက် (၆ဝ)နှစ်နှင့် အထက် ကြိုတင်ဆန္ဒမဲပေးပြီးသူ (၈၆ဝ၈)ဦး ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ  ဦးအောင်သူစိုးထံမှ သိရသည်။

အေးလင်းထွန်း (ပြန်/ဆက်)