မြစ်သား မတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာဦးစီးဌာနနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ ရက်တိုသင်တန်း ဖွင့်လှစ်သင်ကြားမှုကို မတ်လ(၂၁)ရက်နေ့မှ (၂၂) ရက်နေ့ထိ နံနက်(၉)နာရီမှစ၍ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကျောင်းကျန်းမာရေးစစ်ဆေးချိန်တွင် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီအတွက် ကျန်းမာရေးစစ်ဆေးတွေ့ရှိချက်များကို စနစ်တကျ မှတ်တမ်းတင်ထားရန်၊ ကျောင်းသားမိဘများ၊ အုပ်ထိန်းသူများနှင့် ဆရာ၊ ဆရာမများတို့က မိမိကျောင်းရှိ ကျောင်းသားကလေးများတွင် အဖြစ်များသောရောဂါနှင့် ကျန်းမာရေးပြသာနာများကို ဖော်ထုတ်သိရှိနိုင်စေရန်၊ မိဘများသို့ အသိပေးခြင်း၊ အချိန်မီလွှဲပြောင်းကုသခြင်း၊ ကျန်းမာရေးဌာနနှင့်ချိတ်ဆက်၍ လိုအပ်သည့်စောင့်ရှောက်မှုများကို ရယူရန်၊ မိဘ၊ဆရာနှင့် ကျောင်းသား၊ ကျောင်းသူများက ကျန်းမာရေးကို ပိုမိုစိတ်ပါဝင်စားလာစေရန်၊ ကျောင်းကျန်းမာရေးဆိုင်ရာလုပ်ငန်းရပ်များကိုမိဘများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရပြီး ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်က ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီအတွက် ကျန်းမာရေးစစ်ဆေးတွေ့ရှိချက်များကို စနစ်တကျမှတ်တမ်းပြုစုထားနိုင်ရန်၊ ယခုလိုကျောင်းကျန်းမာ ရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ ရက်တိုသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းနှင့် ရက်တိုသင်တန်းဖြစ်သော်လည်း ကျွမ်းကျင်သည့် သင်တန်းနည်းပြများ၏ ရှင်းလင်းဆွေးနွေးမှုများကို သေချာစွာ လေ့လာမှတ်သားသွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြများဖြစ်သည့် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်ဟန်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ဝန်ထမ်းများ၊ ကျောင်းကျန်းမာရေးမှဆရာမများက ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးအချက် အလတ်ရာဇဝင်များနှင့် ကာကွယ်ဆေးထိုးနှံထားခြင်း၊ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးမှုအခြေအနေ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ အသက်(၅)နှစ်မှ (၁၉)နှစ်အတွင်းရှိ ကျား၊ မကိုယ်အလေးချိန်အရပ်၊ အမြင့်နှိုင်းယှဉ်တွက်ချက်ခြင်း၊ သွားနှင့်ခံတွင်း၊ သွားပိုးစားခြင်း၊ သွားဖုံးရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ နားပြည်ယိုခြင်း၊ နားလေးခြင်း၊ အာသီးရောင်ခြင်း၊ လည်ပင်းကြီးခြင်းနှင့် အခြေားလက္ခဏာများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
သင်တန်းတွင် မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၈၄)ကျောင်းမှ တစ်ကျောင်းလျှင် ဆရာ၊ဆရာမ(၂)ဦးနှုန်းဖြင့် (၃၆၈)ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၅)ကျောင်းမှ ဆရာ၊ ဆရာမ (၁၀)ဦး စုစုပေါင်း (၃၇၈)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ(၂၁)ရက်မှ(၂၂)ရက်နေ့ အထိ (၂)ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)