ပြင်ဦးလွင် မတ် ၂၃
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ပြင်ဦးလွင်မြို့ရှိ ဘက်စုံသားဖွားသင်တန်းကျောင်း၊ အပတ်စဉ် (၁၁) သစ်လွင်သားဖွားကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဦးတည်ချက်များအနက် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် သူနာပြုနှင့်သားဖွား နှီးနွယ်သင်တန်းကျောင်းပေါင်း (၅၃) ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပြီး နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်နှင့်အညီ အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝသော သူနာပြု/ သားဖွားများ မွေးထုတ်ပေးလျက်ရှိသည်ကိုလည်း သိရှိရပါကြောင်း၊ ယခု အပတ်စဉ် (၁၁) “သစ်လွင်သင်တန်းသား/ သင်တန်းသူ (၅၆) ဦးတို့သည် “ယနေ့လူငယ်၊ နောင်အနာဂတ်ဝယ် တိုင်းပြည်အင်အား” ဖြစ်သဖြင့် မိမိအသက်မွေးဝမ်း ကျောင်းပညာရပ်ကို အဆင့်မြင့်ပညာရပ်များ တတ်မြောက်နိုင်သည်အထိ အဆင့်ဆင့်တက်လှမ်းနိုင်အောင် ကြိုးပမ်းအားထုတ်စေလိုပါကြောင်းနှင့် လူနာများကို ပြုစုစောင့်ရှောက်သည့် အခါတွင်လည်း မိမိတို့၏စေတနာ နွေးထွေးကြင်နာမှုများနှင့်အတူ စာနာစိတ်ထားကာ စောင့်ထိန်းရမည့်ကျင့်ဝတ်များနှင့် ဆင်းရဲချမ်းသာမရွေး တစ်သမက်တည်း ပြုစုစောင့်ရှောက်ပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြင်ဦးလွင်ခရိုင်ကုသရေးဦးစီးဌာနမှူး ခုတင် (၃၀၀) ဆံ့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သင်းသင်းအိက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ သားဖွားသင်တန်းကျောင်း ကျောင်းအုပ်နှင့် ပထမနှစ်(Senior) သင်တန်းသူတစ်ဦးတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် သစ်လွင်သားဖွားသင်တန်းသူများအားလုံးကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်းများ ဆောင်ရွက်ကာ အမှတ်တရစုပေါင်းဓာတ်ပုံများ ရိုက်ကူး၍ သစ်လွင်သားဖွားကြိုဆိုပွဲ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)