တပ်ကုန်းမြို့နယ် ကင်သာကျေးရွာတွင် နွေရာသီကျောင်းပိတ်ရက် တတိယအကြိမ်မြောက် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

တပ်ကုန်း မတ် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု၊ ကင်းသာကျေးရွာ၊ ရွှေဟင်္သာဘုန်းတော်ကြီးကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒာသီရိ၏ ဆုံးမဩဝါဒကိုခံယူ၍ နွေရာသီကျောင်းပိတ်ရက် တတိယအကြိမ်မြောက် ယဉ်ကျေးလိမ္မာသင်တန်းကို ကင်းသာကျေးရွာအုပ်စု၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်း၊ ကျေးရွာ အုပ်စုဂေါပကအဖွဲ့ဥက္ကဋ္ဌတို့က ကြီးကြပ်ဖွင့်လှစ်သင်ကြားခဲ့သည့် ယဉ်ကျေးလိမ္မာသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၊ ဗိမာန်တော်ကြီးတွင် ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ရွှေဟင်္သာဘုန်းတော်ကြီးကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒာသီရိအား အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ၊ ယဉ်ကျေးလိမ္မာသင်တန်းကာလအတွင်း နံနက်ဆွမ်း၊ နေ့ဆွမ်းနှင့် သင်သန်းသား၊ သူများအတွက် ထမင်း၊ ဟင်း ၊ မုန့်၊ အချိုရည်များလှူဒါန်းသည့် အလှူရှင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဝေယျာဝိစ္စဆောင်ရွက်သူများ၊ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး၊ တက်ရောက်သူများက ဆရာတော်ဘဒ္ဒန္တဝိစာရိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး၊ လှူဒါန်းမှုအစုစုများကို ဆရာတော်ဘဒ္ဒန္တဝိစာရိန္ဒက ရေစက်ချတရား တော်ချီးမြှင့်ပြီး၊ ရေစက်ချသွန်းချအမျှပေးဝေ၍ သင်တန်းဆင်းပွဲအောင်မြင်စွာ ကျင်းပခဲ့သည်။

အဆိုပါသင်တန်းကို ကင်းသာကျေးရွာအုပ်စုမှ ကျောင်းသားကလေးငယ် စုစုပေါင်း ၁၈၅ ဦး တက်ရောက်ပြီး၊ သင်တန်းကို မတ် ၁၁ ရက်မှ ၂၂ ရက်ထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်တန်းနည်းပြ ဆရာ/ ဆရာမစုစုပေါင်း ၂၀ ဦးဖြင့် အခြေခံဗုဒ္ဓဘာသာရပ်၊ ယဉ်ကျေးခြင်း ဆိုင်ရာနှင့် သုံးဆယ်ရှစ်ဖြာမင်္ဂလာတော်များ သင်ကြားပေးကြောင်း သိရသည်။

တင်စိုးလွင်