(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထန်းတပင်မြို့နယ်၌ ကျေးလက်ကုန်ထုတ်မြေသားလမ်း ဖွင့်လှစ်

ထန်းတပင် မတ်လ ၂၃

(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်ထုတ်မြေသားလမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်က ကျေးရွာကုန်ထုတ်မြေသားလမ်းဆောင်ရွက်မှု အခြေအနေရှင်းလင်းပြောကြားခဲ့ကာ ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်၍ ပြောကြားသည်။

ထို့နောက် ခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးအေးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၃) ဦးခင်ဆွေနှင့် ညွှန့်ပေါင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးကျော့တို့ကကုန်ထုတ် မြေသားလမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကုန်ထုတ်မြေသားလမ်းသစ်အား တာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများက လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါကုန်ထုတ် မြေသားလမ်းသည် အရှည် (၁/၄) မိုင်၊ အကျယ် (၁၈) ပေ ၊ ဒု (၂) ပေရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းအစိုးရခွင့်ပြုရန်ပုံငွေ ကျပ် (၁၇၀.၅၆၃) သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်သောကြောင့် ကျေးရွာအတွင်းရှိ အိမ်ခြေ (၇၂) အိမ်၊ လူဦးရေ (၃၂၆) ဦးနှင့် လယ်ယာမြေဧက (၈၀၀) အား များစွာအကျိုးပြုမည်ဖြစ်သလို သွားလာရလွယ်ကူသည့်အတွက် လူမှုစီးပွားဘဝအချိန်အတိုအတွင်း မြင့်မားလာနိုင်စေခြင်းနှင့် ကုန်ပစ္စည်းများ လွယ်ကူစွာသယ်ယူနိုင်သည့် အကျိုးကျေးဇူများလည်း ရရှိလာမည်ဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်