မောက်မယ် မတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့မစျေးအတွင်းရှိ စျေးဆိုင်ခန်းပိုင်ရှင်များအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မီးလောင်မှု မီးလန့်မှုဖြစ်ပွားပါက လက်တွေ့မီးငြိမ်းသတ်သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါမြို့မစျေး၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးလောင်ကျွမ်းမှု၊ မီးလန့်မှုများဖြစ်ပွားလာပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန်အတွက် DCP မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရန် ရှောင်ရန် အချက်အလက်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များနှင့် နည်းပညာများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်ပြီး မြို့မစျေးအတွင်း၌ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မြို့မစျေးရှိစျေးဆိုင်ခန်းပိုင်ရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်ပုံစံများကို၊ မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသသည့် မြို့မစျေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ စျေးဆိုင်ခန်းပိုင်ရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)