ကျောက်ဖြူခရိုင်ရုံးတွင် ရုံးစာရေးသားနည်းသင်တန်းဆင်းပွဲ ပြုလုပ်

ကျောက်ဖြူ မတ် ၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ရုံးစာရေးသားနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ခရိုင်ဦးစီးမှူးနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ သင်တန်းသား/ သင်တန်းသူများက သင်တန်းတွင်ပို့ချပြသခဲ့သည့် သင်ခန်းစာများကို ဆန်းစစ်ချက်ဖြေဆိုကြသည်။ ထို့နောက် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က ခရိုင်ရုံးဝန်ထမ်းများအနေဖြင့် ရုံးစာများစနစ်တကျ ရေးသားတတ်စေရန်၊ ရုံးစာရေးသားရာတွင် အခြေခံရမည့်အချက်အလက်များနှင့် ရုံးစာရေးသားနည်းအမျိုးအစားများကို သိရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပို့ချခဲ့သည့် သင်တန်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသားတစ်ဦးအား ခရိုင်ဦးစီးမှူးမှ ဂုဏ်ပြုဆုလက်မှတ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ သင်တန်းကို ၂၀-၃-၂၀၂၄ ရက်နေ့မှ ၂၂-၃-၂၀၂၄ ရက်နေ့အထိ (၃) ရက်ကြာ စာတွေ့လက်တွေ့ပို့ချပြသခဲ့ပြီး ခရိုင်ရုံးမှ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး