မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲသို့တက်ရောက်

မြစ်ကြီးနား  မတ် ၂၃

၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်အတွင်း ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အပါအဝင် ခရိုင်မြို့ကြီးများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် ကျင်းပရန် နီးကပ်လာပြီဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များ အပါအဝင်အခမ်းအနားများအားလုံး တည်ငြိမ်အေးချမ်းစွာ၊ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး စနစ်တကျ စီမံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လုံခြုံ‌ရေးကို အထူးအလေး ထားရန်လိုအပ်ပါကြောင်း၊ မြစ်ကြီးနားမြို့၌ ယခင်နှစ်အတိုင်း ဗဟိုမဏ္ဍပ်အပါအဝင် ဌာနဆိုင်ရာနှင့် လုပ်ငန်းရှင်မဏ္ဍပ်များကို တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အတူ ခရိုင်နှင့် မြို့နယ်များတွင် လည်း အခြေအနေပေါ်မူတည်ပြီး ရိုးရာမပျက်ကျင်းပပြုလုပ်ကြရန် စီမံ‌ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အများပြည်သူ ပျော်ရွှင်အေးချမ်းစွာ ပါဝင်ဆင်နွှဲနိုင်ရေး တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကျင်းပပြုလုပ်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးအကြံပြုသွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်း မှာကြားသည်။

ထို့နောက် ဆပ်ကော်မတီအလိုက်ဌာနဆိုင်ရာတာဝန်ရှိသူများက အခမ်းအနားများနှင့်လုပ်ငန်းတာဝန်များအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်ပွဲတော် အပါအဝင် ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ တည်ဆောက်၍ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များ၊ နှစ်သစ်ကူး ဇီဝိတဒါနငါးလွှတ်ပွဲ၊ အန္တရာယ် ကင်း ပရိတ်တရားတော် နာယူပွဲ၊ သက်ကြီးပူဇော်ပွဲများ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု များနှင့် လိုအပ်ချက်များ၊ အခက်အခဲများကို အသီးသီးတင်ပြဆွေးနွေးကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်သုံးသပ်ဆွေးနွေးတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချူပ်က မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပပြုလုပ်နိုင်‌‌ရေးလိုအပ်သည်များကို ဆပ်ကော်မတီအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ အဆိုပါဦးစီးဌာနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသတွင်း တိုင်းရင်းသားလူငယ်များအတွက် (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက် သည်။

သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများအနေဖြင့် ဒေသတွင်းထွက်သည့် စိုက်ပျိုး‌ရေးထွက်ကုန်များကို အခြေခံသည့် သီးနှံများဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်သည်ကို လက်တွေ့သိရှိပြီးဖြစ်ပါကြောင်း၊ ထို့အပြင် တန်ဖိုးမြှင့်စားသောက်ကုန်များကို ကိုယ်တိုင်ထုတ်လုပ်ရောင်းပြီး မိသားစုဝင်ငွေတိုးပွားရေးကို ဆောင်ရွက်ကြရေး အလေးထားတိုက်တွန်းလိုပါကြောင်း၊ သို့မှသာ မိသားစုအဆင့် အသေးစားထုတ်လုပ်သူများအဆင့်မှ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလာမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် သင်တန်းထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန် ပထမဆုရ သင်တန်းသားအား လည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက သင်တန်းထူးချွန် ဒုတိယဆုရ သင်တန်းသားအား လည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးကသင်တန်း ထူးချွန်တတိယဆုရ သင်တန်းသူအား လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက သင်တန်းသား/ သင်တန်းသူအားလုံးအတွက် သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းထွက်ကုန် ချောပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ကြရာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ တက်ရောက်လာသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသော သင်တန်းသား/သင်တန်းသူများ၏ လက်တွေ့ ဆောင်ရွက်ထားသည့် သင်တန်းမှ ထုတ်လုပ်ထားသည့် ကုန်ချောပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)